BREAKING
November 22, 2024

စစ်ကောင်စီတပ်စစ်ကြောင်း ထပ်ရောက်လာသဖြင့် ပုလောဒေသခံများ ထွက်ပြေးနေရ

November 12, 2024

ပုံစာ - ဇရပ်ဆိပ်ရွာ စာသင်ကျောင်း

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာကို အင်အားသုံးဆယ်ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်း ထပ်မံရောက်ရှိလာသည့် အတွက် ကျေးရွာနေပြည်သူများ ထပ်မံထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်သည် ဇရပ်ဆိပ်ကျေးရွာအပါအဝင် ပုလောမြို့နယ် ပြည်ထောင်စုလမ်းတစ်လျှောက်ရှိ ကျေးရွာများကို နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးပြီးနောက် နိုဝင်ဘာလ ၆ ရက်နေ့တွင် ဆုတ်ခွာသွားခဲ့သည်။

ထိုသို့ ပြန်ဆုတ်သွားပြီး နိုဝင်ဘာလ ၁၁ ရက် နံနက်စောစောတွင် စစ်ကောင်စီတပ်သားများ ပလမြို့ဘက်မှ ကားဖြင့် ထပ်ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ဇရပ်ဆိပ်ကျေးရွာအုပ်စုနေ ပြည်သူအများစုမှာ နိုဝင်ဘာလ ၆ ရက်တွင် စစ်ကောင်စီတပ်သားများ ဆုတ်ခွာသွားသည့် အတွက် ရွာအတွင်းပြန်လည်ဝင်ရောက်နေထိုင်ကြရာက ယခု နောက်တစ်ကြိမ်ထပ်မံထွက်ပြေးရ ခြင်းဖြစ်သည်။

“နည်းနည်းငြိမ်နေလို့ ပြန်ဝင်နေကြတာ။ (စစ်ကောင်စီတပ်) ဝင်လာတာကြိုမသိတော့ နီးရာထွက်ပြေးရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် အဆိုပါကျေးရွာအုပ်စုမှ စစ်ကောင်စီတပ်ဆုတ်ခွာသွားပြီးနောက် ပြည်သူ့လုံခြုံရေးအဖွဲ့က ကျေးရွာအတွင်း ဂိတ်ချစစ်ဆေးခဲ့သည်။

ထို့နောက် နိုဝင်ဘာလ ၁၀ ရက်တွင် စစ်ကောင်စီတပ်နှင့် ဆက်နွယ်ပတ်သက်သည်ဆိုသည့် ဦးချစ်ထွေးနှင့် ဦးသားငယ်တို တို့ကို ပလဖ က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ဆိုသည်။

“မနေ့က ပလဖ က ဇရပ်ဆိပ်ရွာသားနှစ်‌ယောက် လာဖမ်းသွားတယ်။ လာဖမ်းပြီး မိုးလင်းကြက်တွန် (မနက်စောစော) ဆိုတာနဲ့ စစ်တပ်က ရောက်နေတာ။ အခုအထိတော့ ဂိတ်ချစစ်နေတယ်ပဲ ကြားသေးတယ်” ဟု ဇရပ်ဆိပ်ရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်း ပြန်လည်ဝင်ရောက်လာချိန်တွင် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွာခြင်းမရှိသေးကြောင်း ဒေသခံအချို့က ဆိုသည်။

ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ စစ်ရှောင်ဒေသခံအချို့သည် မြေပြင်အခြေအနေအနည်းငယ် ငြိမ်သက်နေချိန်တွင် စားဝတ် နေရေး အတွက် ရွာအတွင်းဝင်၍ ရော်ဘာခြစ်ခြင်း၊ ဈေးရောင်းခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံအခြားတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ဇရပ်ဆိပ်ရွာလမ်းမပေါ်တွင် ဂိတ်ချကာ ဖြတ်သန်းသွားလာသူများကို စစ်ဆေး နေကြောင်း ၎င်းက ဆိုသည်။

ထိုသို့ စစ်ဆေးနေချိန်တွင် အသက် ၅၀ အရွယ် ဇရပ်ဆိပ်ရွာသား ဦးမြင့်ဦးကို ဖမ်းဆီးခဲ့ပြီးစစ်ဆေးမေးမြန်းကာ ပြန်လွှတ် ပေးခဲ့ကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။

“သူက ကော်(ရော်ဘာ)ခြစ်ရာက ပြန်လာတာ ဂိတ်မှာဖမ်းလိုက်တယ်။ (စစ်ကြောင်း) သူတို့ရောက်နေတာ ဘယ်သူမှမသိဘူး။ အခုတော့ အကုန်ပြေးနေကြရတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၁၄ရက်မှစကာ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာအချို့ကို ရက်ရှည်စစ်ကြောင်းထိုးခဲ့သည့်အတွက် ကြဲ၊ စက်တော်ရာ၊ တပို၊ ဇရပ်ဆိပ်၊ ကျောက်ကမ်းဖဲ၊ မိန်းမမြို့၊ မင်းပြင်၊ ဘိုင်းပြင်၊ သင်္ကန်းတော၊ ကဒဲ၊ ကျောင်းနိမ့် စသည့်ကျေးရွာများမှ ‌ဒေသခံထောင်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးကြရသည်။