BREAKING
January 22, 2025

မိုးကြောင့် ဆားထုတ်လုပ်မှု မစတင်နိုင်သေး

November 12, 2024

မုတ်သုံဆုတ်ခွာသွားပြီဖြစ်သော်လည်း အခါလွန်မိုးကြောင့် ထားဝယ်ခရိုင်တွင် ဆားထုတ်လုပ်မှုနောက်ကျနိုင်ကြောင်း ဆားထုတ်လုပ်သည့်တောင်သူအချို့က ပြောသည်။

လက်ရှိအချိန်အထိ မိုးမပြတ်သေးသဖြင့် ဆားကွင်းပြင်ချိန်များ နောက်ကျနေကြောင်း ၎င်းတို့က ဆိုသည်။

သုံးနှစ်ဆက်တိုက် နိုဝင်ဘာလအထိ မိုးရွာနေသဖြင့် တနင်္သာရီတိုင်းက ဆားလုပ်ငန်းရှင်များ၊ လယ်သမားများ ရော်ဘာခြစ်တောင်သူများ ကုန်ထုတ်လုပ်မှုနှောင့်နှေးကြန့်ကြာပြီး ဝင်ငွေလျော့ကျကြောင်း တောင်သူများက ပြောဆိုသည်။

ဆားလုပ်ငန်းတွင် တာမံများမြေဖို့နေသည့်အဆင့်၊ ကွင်း ပြင်သည့်အဆင့်တွင်သာရှိနေသေးပြီး ဆားထုတ်လုပ်မှု ယမန်နှစ်ထက်ပင် ၁၅ ရက်ခန့် နောက်ကျနိုင်ကြောင်း ထားဝယ်မြို့ မှ နေလှန်းဆားလုပ်ငန်းရှင် ဦးသန်းဝင်းက ပြောသည်။

“အခုမှစလုပ်တာ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ မိုးလာနေတာကြောင့်ပေါ့” ဟု ၎င်းက ပြောဆိုသည်။

သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာက မီးချက်ဆားလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကလည်း မိုးရွာနေသဖြင့် ကွင်းပြင်သည့်အဆင့်တွင်သာ ရှိနေသေးကြောင်း ဆိုသည်။

“ကွင်းပြင်နေတုန်း ရှိသေးတယ်။ အစက တာတွေမြေဖို့ ဘောင်တွေကာ ကွင်းပြင်တာတွေလုပ်ပြီးနေပြီ။ မိုးရွာတော့ ပင်လယ်ရေတက်လာပြီး တာမံတွေပြန်ကျိုးကုန်လို့ အစကနေပြန်လုပ်နေရတယ်” ဟု ၎င်းက ပြောသည်။

တာမံများကို မြေဖို့၊ ကွင်းပြင်ပြီးမှသာ ရေငန်မွေးနိုင်မည်ဖြစ်ပြီး မိုးထပ်ရွာဦးမည်ဆိုပါက ပြီးခဲ့သည့်နှစ်ကထက် ဆားထွက်ချိန် ရက်အနည်းငယ် နောက်ကျနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ရေငန်မွေးမရသဖြင့် ဆားထုတ်လုပ်ချိန် ရက်အနည်းငယ် နောက်ကျနိုင်သလို ရေအငန်ဓာတ်နည်းပါက ဆားအထွက်နှုန်းလည်း လျော့ကျနိုင်ကြောင်း ပြင်းဖြူကြီးကျေးရွာက မီးချက်ဆားလုပ်ငန်းရှင် မမြင့်စန်းက ဆိုသည်။

အလားတူ ရေဖြူမြို့နယ် ကံပေါက်ဒေသက ဆားကွင်းများမှာလည်း မိုးမပြတ်သေးသဖြင့် ကွင်းပြင်ဆဲအဆင့်တွင်သာ ရှိနေသေးကြောင်း ဆားလုပ်ငန်းအစုရှယ်ယာရှင်တစ်ဦးက ပြောသည်။

သရက်ချောင်းမြို့နယ် သူရဲတောင်ရွာက ရော်ဘာခြစ်တောင်သူ အမျိုးသမီးတစ်ဦးကလည်း မိုးမပြတ်သဖြင့် ရော်ဘာအစေး သေသေချာချာ ခြစ်၍မရဘဲဖြစ်နေကြောင်း ပြောဆိုသည်။

မိုးကြောင့် လယ်ထဲတွင် ရေတင်နေသဖြင့် စပါးရိတ်သိမ်းမရသေးသည့် လယ်များရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းတွင် နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ မိုးဆက်ရွာဦးမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၁ရက်တွင် ထုတ်ပြန်သည်။

တောင်တရုတ်ပင်လယ်ပြင်နှင့် ပစ္စဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းနှင့်ဆက်စပ်သော လေပွေလှိုင်းများ အာရှတိုက်ကုန်းမြေဘက်သို့ ဝင်ရောက်လာမှု ပြီးခဲ့သည့်နှစ်ကထက် ပိုမိုများပြားနိုင်သဖြင့် မိုးစပါးရိတ်သိမ်းချိန်တွင် ဖျက်မိုးကြုံရနိုင်ကြောင်းလည်း အသိပေးထားသည်။