BREAKING
December 23, 2024

ထားဝယ်တွင် ကားထဲပိတ်မိနေသည့်ယာဉ်မောင်းကို ကယ်ရန်ကြိုးစားသူ ဓာတ်လိုက်

November 12, 2024

ပုံစာ - လျှပ်စစ်ဓာတ်ကြိုးဖြင့်ထိပြီး မီးလောင်နေသည့်ကား

ထားဝယ်တွင် လျှပ်စစ်ဓာတ်ကြိုးဖြင့်ထိပြီး မီးလောင်နေသည့် ကားအတွင်းပိတ်မိနေသော ယာဉ်မောင်းကို ကယ်ရန်ကြိုးစားရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်ကာ ဒဏ်ရာရသွားကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့နယ် သဗြေချောင်းကျေးရွာအုပ်စု၊ ပုလုကုန်းကျေးရွာတွင် ယနေ့ (နိုဝင်ဘာ ၁၂) နံနက် ၁၀ နာရီဝန်းကျင်က လက်ကွင်း၌ မြေဖို့နေသည့် မြေတင်ကားမှာ မြေသွန်ရန် ကားနောက်ပိုင်းကို မလိုက်စဉ်တွင် ဓာတ်ကြိုးဖြင့်ထိမိကာ ကားမှာလျှပ်စစ်ဓာတ်စီးနေကာ မီးလောင်နေခြင်းဖြစ်သည်။

အဆိုပါနေရာတွင် ရှိနေသော မြေတွန်းစက် မောင်းသူအမျိုးသားတစ်ဦးက ကားအတွင်းပိတ်မိနေသူကို ကယ်ဆယ်ရန်ကြိုးစားရာမှ ဓာတ်လိုက်ခဲ့ခြင်းဖြစ်ပြီး မီးလောင်ဒဏ်ရာများလည်း ရသွားကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်ကပြောသည်။

“ကားမီးလောင်နေတာကိုတွေတော့ သူကကားနောက်ဖုံးကို ပြန်ချဖို့ ကားကိုထိမိရာကနေ ဓာတ်လိုက်တယ်။ လူက လျှစ်စစ်တွန်းကန်လို့ ဆယ်ပေလောက် လွင့်ထွက်သွားတယ်သိရတယ်။ ယာဉ်မောင်းက ဖိနပ်စီးထားတာရယ်။ ကားလက်ကိုင်ကို ကိုင်ထားတာရယ်ကြောင့် ဓာတ်မလိုက်ဘူးလို့သိရတယ်”ဟု ဦးနိုင်မျိုးသွင်ကပြောသည်။

ဝင်ကယ်ရန်ကြိုးစားသည့် မြေတွန်းစက်မောင်းသူမှာ ‌မျက်နှာ ၊ခြေ၊လက် စသည့်တို့တွင် မီးလောင်ဒဏ်ရာရရှိခဲ့ပြီး သဗြေချောင်းရွာရှိ ဇမ္ဗူရတနာ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ထားကြောင်း၊ မြေသယ်ကားမောင်းသူမှာ အန္တရာယ်မရှိဘဲ လွတ်မြောက်သွားကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။

မြေတင်ကားမှာလည်း ကားဘော်ဒီနှင့် ကားတာရာများပါ မီးလောင်ပျက်စီးသွားခဲ့သည်ကို တွေ့ရသည်။

ဓာတ်လိုက်နေသူကို ကယ်ဆယ်ခြင်းနှင့် လျှစ်စစ်စီးနေသည့် ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ရာတွင် ကနဦး အနေဖြင့် လျှပ်ကာပစ္စည်းများ အသုံးပြုခြင်း သို့မဟုတ် သက်ဆိုင်ရာလျှပ်စစ်ရုံးသို့ အကြောင်းကြားခြင်းများ ဆောင်ရွက်ပြီးမှသာ အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်သင့် ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ဦးနိုင်မျိုးသွင်က အကြံပြုတိုက်တွန်းသည်။