BREAKING
December 22, 2024

ပုလော ဇရပ်ဆိပ်တွင် အရပ်သားနှစ်ဦးကို တော်လှန်ရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးနေဟုဆို

November 12, 2024

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာက အရပ်သားနှစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဆိုပါကျေးရွာမှ စစ်ကောင်စီတပ်များပြန်ဆုတ်ပြီးနောက် နိုဝင်ဘာလ ၁၀ရက်နေ့တွင် အရပ်သားနှစ်ဦးကို ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။

သို့သော် အရပ်သားနှစ်ဦး ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့် ပတ်သက်၍ ပုလောမြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ်မရသေးပေ။

စစ်ကောင်စီတပ်များဆုတ်ခွာသွားပြီးနောက် ဇရပ်ဆိပ်ရွာအတွင်းသို့ ပုလောပြည်သူ့လုံခြုံရေးအဖွဲ့ ဝင်ရောက်လာပြီး ဂိတ်ချစစ်ဆေးခဲ့ကြောင်း ယင်းနောက်ဇရပ်ဆိပ်ရွာက အသက် ၅၀ အရွယ် ဦးချစ်ထွေးနှင့် ဦးသားငယ်တို တို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“လမ်းမှာဂိတ်ချပြီးစစ်ဆေးတယ်။ ပြီးတော့ ဇရပ်ဆိပ်ရွာသားနှစ်ဦးကို ဖမ်းသွားတယ်။ ဘယ်ကိုခေါ်သွားလဲ မသိဘူး”ဟု အဆိုပါ ဒေသခံက ပြောသည်။

ပုလောမြို့နယ်အတွင်း ပြည်ထောင်စုလမ်းတစ်လျှောက်ရှိ ကျေးရွာများကို အောက်တိုဘာ ၁၄ ရက်နေ့မှစကာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်သွားသည့် ဇရပ်ဆိပ်ကျေးရွာတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကို စစ်ကောင်စီတပ်က ပြန်ဖွဲ့ပေးပြီးနောက် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာသွားသည်။

အဆိုပါ အမျိုးသားနှစ်ဦးက စစ်ကောင်စီတပ်များ တပ်စွဲထားချိန် စစ်ရှောင်များအား ဖိအားပေးခေါ်ယူခြင်း၊ စစ်ကောင်စီတပ်ထံ အဝင်အထွက်လုပ်ခြင်းနှင့် အရက်ဝယ်‌ပေးခြင်း၊ စစ်‌ရှောင်များ ခံဝန်လက်မှတ်ထိုး၍ ရွာအတွင်း ဝင်ရောက်နေထိုင်ရန် ဖိအားပေးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သတင်းရသည့်အတွက် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ပုလောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“စကစကိုသတင်းပေးနေတယ်လို့ သတင်းရတယ်။ သံသယရှိလို့ မှန်မမှန်စစ်ဆေးဖို့ပါ။ စိုးရိမ်စရာမရှိပါဘူး။မမှန်ရင် ပြန်လွှတ်လိမ့်မယ်”ဟု အဆိုပါ နီးစပ်သူက ပြောသည်။

အဖမ်းခံရသူနှစ်ဦးအနက် အသက်၅၀အရွယ် ဦးချစ်ထွေးမှာ ပြီးခဲ့သည့် တစ်နှစ်ကျော်က စစ်ကောင်စီအား သတင်းပေးမှုကြောင့် လက်နက်ကိုင်အဖွဲ့တစ်ခုက သတိပေးခဲ့ဖူးကြောင်း ‌ဇရပ်ဆိပ်ရွာ ဒေသခံနောက်တစ်ဦးက ဆိုသည်။

“သူကအရင် အုပ်ကြီးနဲ့အပေါင်းအပါတွေ။ စကစဝင်လာတော့ သတင်းတွေပို့တယ်။ ရှေ့ဆုံးကလက်မှတ်ထိုးပြီး ဟန်ရေးပြနေတာ”ဟု ၎င်းက ပြောသည်။

အထက်ပါပြောဆိုချက်များနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။