BREAKING
December 22, 2024

ပွင့်လင်းရာသီအစတွင် မြိတ်ဒေသထွက် ရာသီပေါ်သီးနှံများ ဈေးကောင်းရ

November 12, 2024

ဓာတ်ပုံ - Dawei Watch

မြိတ်မြို့နယ်အတွင်းစိုက်ပျိုးသည့် ဘူးသီး၊ သခွားသီး၊ ပဲသီး၊ ငရုတ်သီးစသည့် ခြံထွက်ရာသီ သီးနှံများမှာ ပွင့်လင်းရာသီအစ အောက်တိုဘာလမှစကာ အဝယ်လိုက်‌နေသည့်အတွက် ဈေးကောင်းရနေကြောင်း စျေးကွက်အတွင်းမှသိရသည်။

ကထိန်ကာလဖြစ်သည့်အတွက် အလှူပွဲများနေ၍ ခြံထွက်သီးနှံများ ဈေးကောင်းရခြင်းဖြစ်ကြောင်း ကျောက်ဖျာကျေးရွာအုပ်စု ကဘင်းကျေးရွာက ‌ဥယျာဉ်ခြံစိုက်ပျိုးသူတစ်ဦးက ဆိုသည်။

ဘူးသီးတစ်လုံးလျှင် ကျပ်၂၀၀၀ ၊ သခွားသီးတစ်လုံးလျှင် ကျပ် ၆၀၀ နှင့် အလုံးငါးဆယ်ပါ ပဲသီးတစ်စည်းလျှင် ကျပ်၂၀၀၀ ဝန်းကျင်ဖြင့် ရောင်းချနေရကြောင်း၊ ပြီးခဲ့သည့်နှစ်ကထက် ရာဂဏန်းစျေးပိုရခြင်းဖြစ်ကြောင်း တောင်သူအချို့ထံမှ သိရသည်။

“အချိန်မီစိုက်နိုင်ရင် ဈေးကောင်းရတာပေါ့။ သီးနှံဈေးကောင်းသလို မျိုး‌စေ့နဲ့အစာဈေးကလည်း ကြီးတယ်”ဟု ကဘင်းရွာရှိ ဥယျာဉ်ခြံစိုက်ပျိုးသူက ပြောသည်။

သို့သော်လည်း မျိုးစေ့၊ မြေဩဇာကဲ့သို့ သွင်းအားစုစျေးများ စျေးတက်နေမှုကြောင့် အကျိုးအမြတ်နည်းကြောင်း ဥယျာဉ်ခြံစိုက်ပျိုးနေသည့် တောင်သူအချို့ထံမှ သိရသည်။

လက်ရှိအချိန်က မိုးအကုန်ဆောင်းအကူးရာသီဖြစ်သည့်အတွက် သီးနှံအထွက်ကောင်းလေ့ရှိပြီး မိုးစပါးမရိတ်မီတွင် နီးစပ်ရာမြေကွက်၊ တောင်ယာများပေါ်တွင် စိုက်ပျိုးလေ့ရှိသည်။

စပါးရိတ်သိမ်းပြီး အချိန်တွင်မှ စတင်စိုက်ပျိုးပါက လယ်ကွင်းများတွင်ပါ စိုက်ကြသဖြင့် အထွက်များပြီး ဈေးလည်းကျသွားလေ့ရှိကြောင်း တောင်သူအချို့က ဆိုသည်။

ရာသီသီးနှံများ ဈေးကောင်းနေချိန်တွင် ထိုင်းနိုင်ငံမှ တင်သွင်းလာသည့်မျိုးစေ့နှင့် မြေဩဇာဈေးနှုန်းလည်း ဈေးတက်လာကြောင်း တောင်သူအချို့က ပြောသည်။

အစေ့တစ်ရာဝန်းကျင်ပါပြီး ထိုင်းနိုင်ငံကတင်သွင်းလာသည့် သခွားသီးမျိုးစေ့ တစ်ထုပ်လျှင် ၇၅၀၀ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး ပြီးခဲ့သည့်နှစ်ကမူ ၂၅၀၀ ကျပ်ခန့်သာရှိကြောင်း ၎င်းတို့က ဆိုသည်။

ပြီးခဲ့သည့်နှစ်က ကျပ်တစ်သိန်းခွဲခန့်သာရှိသော ထိုင်းနိုင်ငံထုတ်‌ ရွက်လှေတံဆိပ်(ဒေသအခေါ် ၁၅ပတ်လည်) မြေဩဇာတစ်အိတ်မှာ ယခုကျပ် နှစ်သိန်းသုံးသောင်းခန့်ရှိကြောင်း တောင်သူအချို့ထံမှ သိရသည်။

မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရာသီပေါ်သီးနှံ စိုက်ပျိုးပြီးရောင်းချနေသော်လည်း လုံလောက်မှုမရှိသဖြင့် ရန်ကုန်နှင့် မော်လမြိုင်ရှိ ကုန်စည်ဒိုင်များမှ‌တစ်ဆင့် ကုန်ကားများဖြင့် တင်သွင်းရောင်းချနေရသည်။