BREAKING
January 27, 2025

ကော့သောင်းတွင် အိမ်ခြံမြေအရောင်းအဝယ်အေး

November 12, 2024

ပုံစာ - ကော့သောင်းမြို့တွင်းတစ်နေရာအား တွေ့ရစဉ်(ပုံဟောင်း)

ကော့သောင်းမြို့တွင် အိမ်ခြံမြေဈေးကွက်အေးနေပြီး အရောင်းအဝယ်နည်းပါးနေကြောင်း အိမ်ခြံမြေအရောင်းအဝယ် လုပ်နေသူအချို့က ပြောသည်။

ကထိန်ရာသီစသည့် ယခုနှစ်ပွင့်လင်းရာသီမှစတင်ကာ အရောင်းအဝယ်ပါးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းကာလမတိုင်မီက တစ်လလျှင် ပျမ်းမျှ မြေကွက် ၁၀ ကွက်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး လက်ရှိတွင် တစ်လလျှင် နှစ်ကွက်ခန့်သာ အရောင်းအဝယ်ရှိခဲ့ကြောင်း အိမ်ခြံမြေအရောင်းအဝယ်လုပ်နေသည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ထို့အပြင် ထိုင်းဘတ်ဈေးက အကျဘက်တွင်ရှိနေခြင်းကြောင့်လည်း ဝယ်သူနည်းပြီး အရောင်းအဝယ် မရှိသလောက် ဖြစ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ကော့သောင်းမြို့တွင် အိမ်ခြံမြေအရောင်းအဝယ်လုပ်ရာ၌ ထိုင်းဘတ်ငွေကိုသာ သုံးစွဲကြပြီး လက်ရှိတွင် ထိုင်းငွေ တစ်ဘတ် လျှင် ၁၃၀ ကျပ်နီးပါးသာ ပေါက်ဈေးရှိနေပြီး ပြီးခဲ့သည့်လများကမူ တစ်ဘတ်လျှင် ၁၆၀ ကျပ်ဝန်းကျင်အထိ ဈေးရှိခဲ့သည်။

“အဓိက ကတော့ ဘတ်ဈေးကျနေလို့။ ဘတ်ဈေးတက်ရင် အဝယ်ပြန်လိုက်တယ်။ (အခုက) ဝယ်ထိန်းဖို့ထက် နေဖို့ပဲ ဝယ်ကြတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

လက်ရှိတွင် မြို့အတွင်းဘက်ရှိ အိမ်ခြံမြေထက် မြို့အစွန်ပိုင်းတွင်ကျသည့် အေးရိပ်ငြိမ်နှင့် ရွှေပြည်သာရပ်ကွက်ကဲ့သို့နေရာရှိ မြေကွက်များသာ အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ခြံမြေအရောင်းအဝယ်လုပ်နေသည့် အခြားအမျိုးသမီးတစ်ဦးက ဆိုသည်။

လတ်တလောတွင် ဘတ်ဈေးက အကျဘက်တွင်ရှိနေခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်နေခြင်း၊ ကထိန်ရာသီရောက်နေခြင်းတို့ကြောင့် အိမ်ခြံမြေဈေးလည်း ကမောက်ကမဖြစ်ကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေကြောင်း ကော့သောင်းမြို့ခံ တစ်ဦးက ပြောသည်။

ကထိန်ရာသီတွင် နှစ်စဉ်နီးပါး အရောင်းအဝယ်ပါးလေ့ရှိသော်လည်း ယခုနှစ်တွင် ဘတ်ဈေးကျနေခြင်းနှင့် စီးပွားရေးကျပ်တည်းမှုများကြောင့် နတ်တော်လရောက်ချိန်တွင် အရောင်းအဝယ်ပြန်ဖြစ်လာနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်နေသည့် အမျိုးသားတစ်ဦးက ခန့်မှန်းသည်။

“အလှူအတန်းလုပ်တဲ့အချိန်ဆိုတော့ ရွှေတွေ ထုတ်ဝတ်ကြတယ်လေ။ မြေကွက်ဘက်ကို အာရုံမရောက်ကြဘူး။ ဝယ်မယ့်သူတွေက အလှူအတန်းပြီးမှ မြေ‌ကွက်တွေဝယ်ကြတာ”ဟု ၎င်းက ပြောသည်။

မြို့အတွင်းကျသည့် ရပ်ကွက်များတွင် ပေ ၃၀၊ ပေ ၅၀အကျယ်အဝန်းရှိ မြေတစ်ကွက်လျှင် ဘတ်သုံးသိန်းကျော် (ကျပ်သိန်း လေးရာ) မှ ဘတ်ငါးသိန်းနီးပါး (ကျပ်သိန်းခြောက်ရာ) ဈေးပေါက်နေကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းမှ သိရသည်။

၇ မိုင်၊ ၈မိုင်၊ ၉မိုင်ကဲ့သို့ မြို့အပြင်ဘက် ပြည်ထောင်စုလမ်းမကြီးဘေးရှိ မြေကွက်များမှာ ပျမ်းမျှအားဖြင့် ဘတ်ရှစ်သိန်း ကျော် (ကျပ်သိန်းတစ်ထောင်ကျော်) ပေါက်ဈေးရှိနေပြီး ရောင်းသူဝယ်သူညှိ၍ အရောင်းအဝယ်ဖြစ်နေကြောင်း အကျိုးဆောင်အချို့ထံမှ သိရသည်။

ကော့သောင်းမြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်ပြီး မြန်မာနိုင်ငံ တောင်ဘက်အစွန်းဆုံးမြို့တစ်မြို့ဖြစ်သည်။