BREAKING
January 2, 2025

ကွမ်းလုံကို အပြည့်အဝသိမ်းပိုက်လိုက်ကြောင်း MNDAA ထုတ်ပြန်

November 12, 2023

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ဗျူဟာအရ အလွန်အရေးပါသည့် ကွမ်းလုံမြို့ကို လုံးဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က ယနေ့ ညပိုင်းတွင်ထုတ်ပြန်သည်။

ကွမ်းလုံကို နိုဝင်ဘာလ ၁ရက်နေ့တွင် MNDAA နှင့် မဟာမိတ်များက စတင်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ နံနက်တွင် အပြည့်အဝ သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း MNDAA ထံမှ သိရသည်။

ယနေ့ သိမ်းယူရာတွင် သံချပ်ကာကားလေးစီး၊ ဟောင်ဝစ်ဇာအမြောက် တစ်လက်၊ ၁၂၂မမ အတွက်လိုက်ဒုံးများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်စခန်းများနှင့် အုပ်ချုပ်ရေးဌာနများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ ယင်းနောက် ကွမ်းလုံတံတားကို ဦးစွာသိမ်းပိုက်ပြီး မြို့တွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၊ ယာဉ်ထိန်းရဲများ နှင့် မြို့နယ်အုပ်ချုပ်‌ရေးရုံးများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် ကွမ်းလုံမြို့အနောက်ဘက်ရှိ ဟွမ်ချောက်‌ပေါက်ပေါက် တောင်ကုန်းစခန်းကိုတိုက်ခိုက်သိမ်းယူခဲ့ပြီး ကွမ်းလုံမြို့ (သံလွင်မြစ်အရှေ့ဘက်ခြမ်း) ကို ထိန်းချုပ်နိုင်ခဲ့ကြောင်းဖော်ပြသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ကွမ်းလုံ‌မြို့၏မျက်နှာချင်းဆိုင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် တပ်စခန်းများကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ယင်းနောက် ခြောက်ရက်ကြာ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၁၂ရက် နံနက်၁ဝနာရီကျော်တွင် အပြည့်အဝသိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ကွမ်းလုံ- နန်ဟူ – ချင်းရွှေဟော်-တုန်ရှမ်းဒေသတာတုံအထိ နေရာတကြောလုံးကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း ပါရှိသည်။

ကွမ်းလုံကို ၁၉၇၀ ပြည့်နှစ်တွင် မြန်မာစစ်တပ်က ရက် ၄၀ကြာ တိုက်ခိုက်ပြီးနောက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ကွမ်းလုံသည် စစ်ရေးမဟာဗျူဟာအရ အလွန်အရေးကြီးသောကြောင့် မြန်မာစစ်တပ်ကအလွန်ခိုင်မာတဲ့ခံတပ်တစ်ခုအဖြစ် အထူးဂရုပြုတည်ဆောက်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ချက်ကဆိုသည်။