BREAKING
October 16, 2024

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

October 12, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ

မြန်မာ့ရေးရာ

စစ်အုပ်စုပြုတ်ကျမှာကို မလိုလားဘူးလို့ တရုတ်ပြော

မြန်မာစစ်ကောင်စီတပ် ပြုတ်ကျပြီး အနောက်နိုင်ငံတွေနဲ့နီးစပ်တဲ့ NUG နဲ့ PDF တွေ အနိုင်ရသွားမှာကို လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံအာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းပြောဆိုတဲ့ လျှို့ဝှက်အစည်းအဝေး မှတ်တမ်းပေါက်ကြားလာပါတယ်။

မစ္စတာတိန့်ရှီကျွင်းဟာ ဩဂုတ်လကုန်ပိုင်းက တရုတ်နိုင်ငံမှာ ‘ဝ’ တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ တယ်ဆိုတဲ့ မှတ်တမ်းပေါက်ကြားလာတာပါ။ ဒီမှတ်တမ်းဟာ မှန်ကန်ကြောင်း ယတိပြတ် မပြောဆိုနိုင်သေးသလို တရုတ်ဘက်ကလည်း မှန်ကန်မှု မရှိဘူးလို့ ငြင်းဆိုတာမျိုး မတွေ့ရသေးပါဘူး။

စစ်တပ်ရဲ့နေရာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NUG တို့က အစားထိုးဝင်ရောက်လို့ မရနိုင်ဘူးလို့ ပြောဆိုထားတာ တွေ့ရပါတယ်။ စစ်ကောင်စီတပ်ဟာ မြန်မာ့နိုင်ငံရေးမှာ မရှိမဖြစ်အဖွဲ့အစည်း ဖြစ်တာကြောင့် အပြည့်အဝ ဆက်လက်ထောက်ခံသွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လားရှိုးကို တိုက်ခိုက်တာဟာ တရုတ်-မြန်မာဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်စေတဲ့အတွက် အကျိုးဆက်ကို ‘ဖုန်’ မိသားစုတာဝန်ယူရာမှာဖြစ်တယ်လို့ ပြောပါတယ်။ ကိုးကန့်တပ်တွေ လားရှိုးကနေ ပြန်လည်ထွက်ခွာသွားဖို့ သတိပေး ထားသလို ကိုးကန့်ကို တရုတ်က လက်နက်၊ ရိက္ခာအပါအဝင် ဖြတ်ငါးဖြတ် လုပ်ထားတယ်လို့ ဆိုပါတယ်။

‘ဝ’ တပ်ဖွဲ့အနေနဲ့လည်း ကိုးကန့်ကို လက်နက်၊ ရိက္ခာပိတ်ဆို့ဖြတ်တောက်ဖို့ တရုတ်က သတိပေးခဲ့ပါတယ်။ ပြီးတော့ PDF အဖွဲ့တွေဆီကိုလည်း လက်နက်စီးဆင်းတာတွေ မရှိအောင်လုပ်ဖို့လည်း ခြိမ်းခြောက်ဖိအားပေးခဲ့ပါသေးတယ်။

……………………………………..

နှစ်လနီးပါးတိုက်ပြီး ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုတွေသိမ်းယူ

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို စတင်တိုက်ခိုက်ပြီး ၅၃ ရက်အကြာ အောက်တိုဘာလ ၈ရက်မှာ တော်လှန်ရေးအင်အားစုတွေက သိမ်းယူထိန်းချုပ်လိုက်ပါတယ်။

စစ်ကောင်စီတပ်မှာ ဒဏ်ရာသူတွေများနေတာ၊ မိသားစုဝင်တွေအတွက် ရိက္ခာပြတ်လပ်နေတာတွေကြောင့် လက်နက်ချပြီး မြို့ထဲက ထွက်ခွင့်တောင်းတာကို ခွင့်ပြုခဲ့ပြီးနောက်မှာ မြို့ကိုထိန်းချုပ်နိုင်ခဲ့တာလို့ စစ်ကိုင်းတိုင်းပကဖက ထုတ်ပြန်ပါတယ်။

လက်နက်ချသူတွေကို ဝန်းသိုမြို့သို့ ထွက်ခွာခွင့်ပေးခဲ့ပြီး တိုက်ပွဲကာလအတွင်း ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုတော့ ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ မြို့သိမ်းတိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီက လေကြောင်း ကနေ အကြိမ်ရေ ၁၃၀ကျော်၊ ပေါင် ၅၀၀၊ ပေါင် ၃၀၀ အပါအဝင် ဗုံးအလုံးရေ သုံးထောင်ကျော် ကြဲချတိုက်ခိုက်ခဲ့သလို မြို့သိမ်းခံရပြီးနောက်မှာလည်း လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေတယ်လို့ ဖော်ပြပါတယ်။

ပင်လည်ဘူးဟာ ကောလင်း၊ ဝန်းသို၊ ဗန်းမော်၊ ဖောင်းပြင်မြို့တွေနဲ့ ဆက်စပ်နေပြီး ဧရာဝတီမြစ်ဝှမ်းနဲ့ ချင်းတွင်းမြစ်ဝှမ်း ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က မဟာဗျူဟာကျတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

……………………………………..

လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သားနှစ်ရာကျော်သေဆုံး

စက်တင်ဘာလ တစ်လအတွင်း တိုင်းနဲ့ ပြည်နယ် ၁၀မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်လို့ အရပ်သားပြည်သူ နှစ်ရာကျော်သေဆုံးပြီး သုံးရာကျော် ဒဏ်ရာရတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က အောက်တိုဘာလ ၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရှမ်းမြောက်၊ ရှမ်းတောင်၊ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီ (ကယား)၊ ကရင်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးစတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ လေယာဉ်နဲ့ ဗုံးကြဲတာ အကြိမ်ရေ ၃၅၀ ရှိခဲ့သလို ဒရုန်းနဲ့လည်း အကြိမ်ရေ ၃၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၂၄၀ သေဆုံးခဲ့သလို ၃၆၀ လည်း ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ်လကုန်ပိုင်းကနေ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အခုသီတင်းပတ်အတွင်းမှာလည်း ရှမ်းမြောက်၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ ချင်း၊ မကွေးစတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင့် အရပ်သား ၅၀ ထက်မနည်း သေဆုံးခဲ့သလို ၅၀ထက်မနည်း ဒဏ်ရာရတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြတဲ့အချက်အလက်တွေအရ သိရပါတယ်။

……………………………………..

ထောင်နှစ်ရှည်ကျခဲ့သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်

NLD ပါတီဒုဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်တဲ့ အသက် ၇၃နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင် အောက်တိုဘာလ ၇ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ စစ်အာဏာသိမ်းတဲ့နေ့မှာ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂၉နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဖမ်းဆီး မခံရခင်ကပင် သွေးကင်ဆာရောဂါ ခံစားနေရသူဖြစ်ပြီး မန္တလေးအိုးဘိုထောင်မှာ အကျဉ်းကျနေစဉ်မှာလည်း ဆေးကုခွင့် လုံလုံလောက်လောက် မရခဲ့ဘူးလို့ NLD က ထုတ်ပြန်ပါတယ်။ ရောဂါအခြေအနေဆိုးဝါးချိန်မှသာ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ဆေးကုသခဲ့ပြီး အောက်တိုဘာလ ၅ရက်မှာတော့ သတိမေ့မြောသွားခဲ့ပါတယ်။ ကွယ်လွန်ခါအနီးအချိန်ရောက်မှပဲ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။

အဲဒီလွတ်ငြိမ်းခွင့်ဟာ စစ်မှန်တဲ့သနားကြင်နာမှုမဟုတ်ဘူးလို့ အီးယူက ထုတ်ပြန်ခဲ့သလို အီးယူအပါအဝင် နိုင်ငံတကာသံရုံး တွေက ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်မှုကိုဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့ကြပါတယ်။ ဆရာဇော်၊ ဒေါက်ဇော်လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ နောက်ဆုံးခရီးကို မန္တလေးက ပြည်သူ ထောင်နဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀ ၊ ၂၀၁၂၊ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ NLD ကိုယ်စားပြုအမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပါတယ်။ ၁၉၉၀ မှာ ထောင်ချခံရပြီး ၁၉နှစ်ကြာ ကျခံခဲ့ရသလို ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာလည်း သုံးနှစ်ကျော် ချုပ်နှောင်ခံခဲ့ရတာကြောင့် စုစုပေါင်း ၂၂နှစ်ကြာ အကျဉ်းကျခံခဲ့ရသူ ဖြစ်ပါတယ်။ အာဏာသိမ်းကာလမှာ NLD ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ သူရဦးတင်ဦး၊ ဦးဉာဏ်ဝင်း၊ မုံရွာ အောင်ရှင် တို့လည်း ကွယ်လွန်ခဲ့ပါတယ်။

……………………………………..

ပြည်ပနဲ့ အဆက်အသွယ်မလုပ်ဖို့ ကိုးကန့်တပ်ထုတ်ပြန်

အာဆီယံနိုင်ငံတွေ၊ အနောက်နိုင်ငံတွေနဲ့ အဆက်အသွယ် မလုပ်ဖို့ ကိုးကန့်တပ်က သူတို့ရဲ့ အစိုးရဌာနအားလုံးနဲ့ စစ်တပ်အရာရှိတွေကို တားမြစ်လိုက်ပါတယ်။

တရုတ်နိုင်ငံက ကိုးကန့်တပ်ကို ခြိမ်းခြောက်သတိပေးမှုတွေ ထွက်ပေါ်နေချိန်မှာ အခုလို တားမြစ်ချက် ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၀ ရက်က ထုတ်ပြန်တဲ့ အဲဒီထုတ်ပြန်ချက်မှာ ခွင့်ပြုချက်မရှိဘဲ အာဆီယံနဲ့ အနောက်နိုင်ငံတွေကို ခရီးမသွားဖို့၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ညီလာခံတွေကို မတက်ရောက်ဖို့၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မီဒီယာတွေကို လက်ခံဖြေကြားတာ မလုပ်ကြဖို့၊ မြန်မာ့အခြေအနေအပေါ် သဘောထားဖော်ပြတာတွေ မလုပ်ဖို့ တားမြစ်ထားတာ တွေ့ရပါတယ်။

ပြည်ပအင်အားစုတွေ မြန်မာ့ပြည်တွင်းအရေးကို ဝင်ရောက်စွက်ဖက်ရာမှာ ကိုးကန့်တပ်နဲ့ ပါတီကို အတင်းအကျပ် အသုံးပြုတာတွေ မဖြစ်စေဖို့၊ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေကနေ ကာကွယ်ဖို့ အခုလိုတားမြစ်ထားတာလို့ ဆိုပါတယ်။

……………………………………..

အာဆီယံထိပ်သီးအစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ်တက်၊ အရပ်ဖက်အဖွဲ့တွေကန့်ကွက်

(L-R) Myanmar’s Permanent Secretary of Foreign Affairs Aung Kyaw Moe, Philippines’ President Ferdinand Marcos Jr, Singapore’s Prime Minister Lawrence Wong, Thailand’s Prime Minister Paetongtarn Shinawatra, Vietnam’s Prime Minister Pham Minh Chinh, Laos’ President Thongloun Sisoulith, Laos’ Prime Minister Sonexay Siphandone, Malaysia’s Prime Minister Anwar Ibrahim, Brunei’s Sultan Hassanal Bolkiah, Cambodia’s Prime Minister Hun Mamet, Indonesia’s Vice Prime Minister Ma’ruf Amin and East Timor’s Prime Ministe

လာအိုနိုင်ငံမှာ အောက်တိုဘာလ ၉ရက်က စတင်ကျင်းပတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံကို စစ်ကောင်စီကိုယ်စားလှယ်တစ်ဦး သုံးနှစ်ခွဲကျော်ကာလအတွင်း ပထမဆုံးအကြိမ် တက်ရောက်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အစည်းအဝေး တက်ပြီးနောက်ပိုင်းမှာ စစ်ခေါင်းဆောင်တွေ တက်ခွင့်မရတော့တာပါ။ နိုင်ငံရေးရာထူး မယူထားတဲ့ ကိုယ်စားလှယ်တစ်ဦးပဲ စေလွှတ်ရမယ့်ဆိုလို့ တက်ရောက်ခွင့် ငြင်းဆိုခဲ့ရာကနေ ဒီနှစ်မှာ တက်ရောက်လာတာလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်လာတာပါ။

ပြည်တွင်းက အရပ်ဖက်အဖွဲ့ ၂၄၀ ကျော်ကတော့ အာဆီယံထိပ်သီးအစည်းအဝေးကနေ စစ်ကောင်စီ ကိုယ်စားလှယ်ကို ဖယ်ထုတ်ဖို့ တောင်းဆိုခဲ့ကြသလို အာဆီယံအနေနဲ့ စစ်ကောင်စီနဲ့ အဆက်အဆံမလုပ်ဘဲ NUG၊ တော်လှန်ရေးအင်အားစု တွေနဲ့ပဲ ဆက်ဆံဖို့ တောင်းဆိုခဲ့ပါတယ်။

အမေရိကန်အစိုးရကတော့ မြန်မာကို ဆက်လက်ဖိအားပေးမယ်လို့ ပြောဆိုခဲ့သလို အာဆီယံခေါင်းဆောင်တွေက စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်နေတာကို ရပ်တန့်ဖို့ပြောဆိုခဲ့သလို အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အပေါ် စစ်ကောင်စီရဲ့ အကောင်အထည်ဖော်မှု အားနည်းတာကိုလည်း ပြစ်တင်ခဲ့ကြပါတယ်။

ထိုင်းဝန်ကြီးချုပ်ကတော့ မြန်မာ့အရေးဟာ စစ်ရေးနဲ့ဖြေရှင်းလို့မရဘဲ ဆွေးနွေးရမယ့်အချိန်ရောက်ပြီလို့ ပြောဆိုခဲ့ပြီး လာမယ့် ဒီဇင်ဘာမှာ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို ထိုင်းက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ်လို့လည်း ဆိုပါတယ်။

……………………………………..