ရေဖြူမြို့တွင် မနေ့(အောက်တိုဘာ ၁၁) ညနေပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများကပြောသည်။
မနေ့ ညနေ ၃နာရီခွဲခန့်တွင် ရေဖြူတံတားအနီးရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။
ထိုတိုက်ပွဲတွင် ကျောက်ကညာရွာအခြေစိုက် စစ်ကောင်စီ၏ အမတ ၃၀၄ တပ်ရင်းမှပစ်သည့် လက်နက်ကြီးထိမှန်သည့်အတွက်ကြောင့် ရေဖြူအနောက်ကမ်းရှိ နေအိမ်နှစ်ဆောင်မီးလောင်ပျက်စီးခဲ့ ကြောင်းဒေသခံများကပြောသည်။
ယင်းအပြင် ရေဖြူအရှေ့ကမ်းတွင်လည်း နေအိမ်တစ်ဆောင် လက်နက်ကြီးကျည်စများ ထိမှန်ပျက်စီးခဲ့သေးကြောင်း ဒေသခံတစ်ဦးကပြောသည်။
“အနောက်ကမ်းမှာက လက်နက်ကြီးတိုက်ရိုက်ကျပြီး အိမ်နှစ်ဆောင် မီးလောင်သွားတာ အရှေ့ကမ်းမှာက အိမ်တစ်ဆောင်ထိတယ်။ အိမ်နဲနဲပျက်စီးတယ် မပေါက်ကွဲတဲ့ လက်နက်ကြီးတစ်လုံးလည်း အိမ်ရှေ့မှာ တွေ့ရတယ်။ ညနေကတိုက်ပွဲတော်တော် ပြင်းတယ်”ဟုထိုဒေသခံကပြောသည်။
ယင်းအပြင် တိုက်ပွဲအတွင်း လက်နက်ကြီး အသံကြားရသည့်အတွက် ထိတ်လန့်ကာ အသက် ၄၀ ကျော်အရွယ်ရှိအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိမ်းမှောက် ဒဏ်ရာရခဲ့သေးသည်ဟု ဒေသခံများကပြောသည်။
အောက်တိုဘာ ၁၁ ရက်နေ့ကဖြစ်သည့်ရေဖြူမြို့ပေါ်တိုက်ပွဲကြောင့် ရန်ကုန်-ထားဝယ်အိမ်စီးကားများသည် ရေဖြူမြို့အခြေစိုက် ခမရ ၄၀၆ ရှေ့တွင် ၂ နာရီနီးပါးခန့်ပိတ်မိနေကြပြီး ညနေ ၆ နာရီခန့်မှသာ ဖြတ်သန်းခွင့်ရကြောင်း ဒေသခံခရီးသွားများကပြောသည်။