BREAKING
January 11, 2025

လောင်းလုံး ဒေသခံနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီး

October 12, 2024

ပုံစာ- ဖမ်းဆီးခံထားရသူ စွန်တောင်ပေါ်ဒေသခံ ဦးသန်းအောင်

လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စု စွန်တောင်ပေါ်ရွာက ဒေသခံတစ်ဦးနှင့် မောင်းမကန်ကျေးရွာက ဒေသခံတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားကြောင်း ‌စုံစမ်းသိရှိရသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် အမျိုးသားတစ်ဦး ဖမ်းဆီးခံရခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့တွင် အမျိုးသမီးတစ်ဦး ထပ်ဖမ်းခံရခြင်းဖြစ်သည်။

စက်တင်ဘာလ ၉ ရက်ကနေ့က စွန်တောင်ပေါ်ကျေးရွာမှ အသက် ၆၆ နှစ်အရွယ် ဦးသန်းအောင်(ခ) ဦးအေးအေးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးပြောသည်။

“ခြံထွက်သီးနှံတွေရောင်းပြီး ပြန်လာတဲ့အချိန်မှာ မေးစရာရှိလို့ဆိုပြီး လူငယ်သုံးယောက်က ဆိုင်ကယ်နဲ့ အိမ်မှာလာခေါ်သွားတယ်” ဟု ဆွေမျိုးတစ်ဦးကဆိုသည်။

ဦးသန်းအောင်အား မည်သည့်အတွက် ဖမ်း‌ဆီးသွားသည်ကို ပြောကြားခဲ့ခြင်းမရှိသည့်အပြင် တစ်လကျော်ကြာလာသည့် ယနေ့အချိန်အထိလည်း မိသားစုထံ ဆယ်သွယ်လာခြင်းမရှိသေးကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ဦးသန်းအောင်နှင့်အတူ ဆိုင်ကယ်တစ်စီးကိုလည်း ယူဆောင်သွားသည်ဟုဆိုသည်။ ဖမ်းဆီးသွားသည့် အဖွဲ့နာမည်ကိုမူ မိသားစုဝင်တို့မသိကြပေ။

အောက်တိုဘာလ ၁၀ ရက် နံနက်စောစောတွင်လည်း မောင်းမကန်ကျေးရွာ ရဲစခန်းအနီးတွင်နေထိုင်သည့် အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်ခင်နှောင်းဆိုသူ အမျိုးသမီးတစ်ဦးကိုလည်း လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

မောင်းမကန်ကျေးရွာထိပ်ရှိ လေသာကျောင်း( ဘုန်းကြီးကျောင်း) သို့ ဥပုသ်ဆွမ်းချက်သွားသည့်အချိန် လူငယ်နှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

“ဆိုင်ကယ်နဲ့ လူနှစ်ယောက် လာဖမ်းသွားတာ။ ဘုန်းကြီး‌ကျောင်းအပေါက်ဝမှာ စောင့်ပြီး ဖမ်းသွားတာ” ဟုမျက်မြင်ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ဒေသခံတစ်ဦး ပြန်ပြောပြသည်။

ဒေါ်ခင်နှောင်းမှာ ဒေသခံများ ထောက်ခံစာလိုအပ်ကြောင်း အကူအညီတောင်းခံလာပါ မောင်းမကန်ရဲစခန်းသို့သွားပြီး ထောက်ခံစာလုပ်ပေးလေ့ရှိသူ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အမှန်တိုင်းပြောရရင် ရွာထဲက လူတွေက လာအကူအညီတောင်းရင် သူတို့အဆင်ပြေပါစေဆိုပြီး ထောက်ခံစာသွားလုပ်ပေးတာတော့မှန်တယ်။ ဒါပေမဲ့ ရဲစခန်းထဲကိုဝင်ရတာမဟုတ်ဘူး။ အပြင်မှာနေခဲ့ရတာ” ဟု ‌ဒေသခံတစ်ဦးကဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံထံ Dawei Watch က ယင်းအကြောင်းမေးမြန်းရန် နှစ်ရက်ဆက် ဖုန်းဆက်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် သန်းခေါင်စာရင်း ကောက်ရာတွင် ပါဝင်သော Non CDM ဝန်ထမ်း ၉ ဦးကို အောက်တိုဘာလ ၇ ရက်က ဖမ်းဆီးခဲ့သေးသည်။

ဖမ်းဆီးထားသူများကို လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးလိုက်ကြောင်း အောက်တိုဘာလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

သရက်ချောင်းမြို့နယ်တွင်လည်း သန်းခေါင်စာရင်း‌ကောက်အဖွဲ့ထဲပါဝင်သည့် ဝန်ထမ်း ၉ ဦးကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထားသည်။