BREAKING
November 24, 2024

မြိတ်ပင်လယ်ပြင်တွင် ဆီတင်လှေတစ်စီး မီးလောင်

October 12, 2024

ပုံစာ - အောက်တိုဘာ ၁၁ ရက်က ဆီတင်လှေမီးလောင်မှု။ ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ။

မြိတ်ခရိုင် ၊ ကျွန်းစုမြို့နယ် ၊ ကန်းကြီးကျေးရွာအုပ်စု ၊ သန္တာကျွန်းဝိုင်း ရေပြင်ကြီးတွင် အောက်တိုဘာလ ၁၁ ရက် မွန်းလွဲပိုင်းက ဆီတင်လှေတစ်စီး မီးလောင်မှုဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ကထုတ်ပြန်သည်။

မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် စတင်လောင်ကျွမ်းပြီး မြိတ်ခရိုင် မီးသတ်မှ မီးသတ်ရေသယ်ယာဥ်၊ ငြှိမ်းသတ်ယာဥ်တို့ဖြင့် ငြိမ်းသတ်မှုကြောင့် နာရီဝက်ကျော်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်ဌာနထံကသိရသည်။

မီးလောင်မှုဖြစ်သည့် ဆီတင်လှေတွင် တပ်ဆင်ထားသည့် ဘတ္ထရီအိုး ဝါယာရှော့ဖြစ်ရာမှ မီးစလောင်ခဲ့ပြီး လှေ၏ အရှေ့ပိုင်းမီးလောင်ပျက်စီးခဲ့သည် ဟု ကျွန်းစုမြို့နယ် မီးသတ်ဦးစီးဌာန ကပြောသည်။

အခြားလှေများထံ မီးကူးစက်လောင်ကျွမ်းခြင်းလည်းမရှိခဲ့သလို လူထိခိုက်ဒဏ်ရာရမှုလည်းမရှိခဲ့ကြောင်း ယင်းမီးသတ်ဌာနက ဆက်ပြောသည်။

အောက်တိုဘာလ ၇ ရက်ကလည်း ကျွန်းစုမြို့နယ် ၊ ကံမော်ရွာတွင် မီးဖိုချောင်သုံးထင်း မီးခိုးကျပ်တိုက်ရာမှ မီးလောင်မှု ဖြစ်ခဲ့ပြီး နေအိမ် ငါးလုံးမီးလောင်ခဲ့သေးသည်။