ထားဝယ်မြို့ ၊ ရှမ္မလည်ဆွဲရပ်ကွက်တွင် တည်ရှိသည့် စရီမာရီးယမ္မားမယ်တော်(ခ)မမဘုရားမှာ ယနေ့ အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းကစ၍ မြို့တွင်းသို့ လှည့်လည် အပူဇော်ခံနေသည်။
ကိုဗစ်ကာလမှစကာ ဘုရားလှည့်ပွဲကို ရပ်နားထားခဲ့ပြီး လေးနှစ်အကြာ ယခုနှစ်မှ မြို့တွင်းသို့ အပူဇော်ခံ ပြန်လည်လှည့်လည်ခြင်းဖြစ်သည်။
သို့သော်ယခင်ကလို ယာဥ်တန်းအများအပြား၊ ပဒေသာပင်ကားများနှင့် ဖျော်ဖြေယာဥ်များ ပါဝင်ခြင်းမရှိဘဲ ရှေ့ပွိုင့်ကားတစ်စီးနှင့်ဘုရားလှည်းတစ်စီး တို့သာ ယနေ့လှည့်လည်ရာတွင်ပါဝင်သည်ဟု မြို့ခံများထံမှသိရသည်။
လှည့်လည်ရာလမ်းကြောင်းတွင် ကိုဗစ်မတိုင်မီကထက် ပွဲဆက်(ကန်တော့ပွဲ ပေး) သူနည်းသည်ဟုလည်းသိရသည်။
မမဘုရားလှည့်ပွဲသည် နှစ်ပေါင်းရာကျော်သက်တမ်းရှိ ထားဝယ်ဒေသ၏ နာမည်ကျော် ပွဲတော်တစ်ခုဖြစ်သလို ပွင့်လင်းရာသီ၏ ပွဲဦးထွက်ပွဲတော်လည်း ဖြစ်သည်။







ယခင်က ကျင်းပသည့်ပုံစံမှာ ဘုရားပွဲဆယ်ရက်မြောက် နေ့လယ်ပိုင်းတွင် ဘုရားကျောင်းမှစထွက်၍ ညလုံးပေါက် မြို့တွင်းလှည့်လည်ပြီး နောက်တစ်နေ့ နေ့လယ်ပိုင်းရောက်မှ ဘုရားကျောင်းသို့ပြန်ဝင်၍ ဘုရားပွဲပြီးဆုံးသည်ဟု မြို့သူမြို့သားများထံက သိရသည်။
မမဘုရားပွဲကို နှစ်စဥ် သီတင်းကျွတ်လဆန်း ၁ ရက်နေ့မှ ၉ ရက်အထိပြုလုပ်ပြီး ၁၀ ရက်တွင် မြို့တွင်းသို့ လှည့်လည် အပူဇော်ခံလေ့ရှိသည်။