မြိတ်မြို့ရှိ Hotel Grand Jade ဟိုတယ်သုံးလွှာပေါ်မှ ဟိုတယ်ဝန်ထမ်း အမျိုးသားတစ်ဦး ပြုတ်ကျပြီး သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းများထံမှ သိရသည်။
သေဆုံးသွားသူမှာ အသက် ၅၆ နှစ်အရွယ် ဦးအေးဇော်ဆိုသူဖြစ်ပြီး ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်ည ၁၁ နာရီခန့်တွင် ပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက ပြောသည်။
“ကျွန်တော်တို့သိရတာက ဟိုတယ်အနောက်ဖက် ဝရံဒါမှာ မီးတက်ပိတ်ရာကနေ ခြေချော်ပြီး ကျသွားတာလို့ သိရတယ်” ဟု ၎င်းက ဆိုသည်။
မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့အပါအဝင် လူမှုကူညီရေးအဖွဲ့များ အခင်းဖြစ်ရာသို့ လာရောက်ကူညီခဲ့ကြပြီး ချမ်းမြေ့ကျန်းမာရေး အထောက်အကူပြုအသင်း ကားဖြင့် စစ်ဆေးရုံသို့ တင်ပို့ပေးပြီးနောက် လက်ရှိအချိန်တွင် တပ်ပြင်နာရေးကူညီမှုအသင်းတွင် ထားရှိထားကြောင်း ၎င်းတို့ထံမှ သိရသည်။
သေဆုံးသူသည် ရန်ကုန်မြို့ဇာတိဖြစ်ပြီး တပ်ပြင်ရပ်ကွက်တွင် အိမ်ငှါးနေထိုင်ကာ ဟိုတယ်တွင် လာရောက် လုပ်ကိုင်နေသူဖြစ်ကြောင်း နာရေးကူညီမှုအသင်းများထံမှ သိရသည်။