လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် စစ်ကောင်စီတပ်နှင့် PDFတပ်ဖွဲ့တို့ ယနေ့ (စက်တင်ဘာ ၁၂) နေ့လယ်ပိုင်းက နှစ်ဖက်ပစ်ခတ်မှုဖြစ်သဖြင့် ရွာသူရွာသားများ စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်ဟု ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းတွင် မောင်းမကန်ရွာ လယ်ကျောင်းအနီးရှိ လူမရှိသည့်နေအိမ်တစ်ဆောင်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး မီးရှို့မည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများကပြောသည်။
“အဲဒီအိမ်ကလူမရှိဘူး။ လက်ဘက်ရည်လည်း ရောင်းတယ်။ အခုဝင်ရှာတော့ ဆိုင်သုံးပစ္စည်းတွေလည်း ကွဲကျန်ခဲ့တယ်”ဟု ဒေသခံကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယင်းနေအိမ်ကိုရှာဖွေပြီးနောက် ပြန်ထွက်လည် ထွက်ခွာချိန်တွင် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
“လက်နက်ကြီး နှစ်ချက်လောက်ပစ်တယ် ကျန်တာလက်နက်ငယ်တွေ နဲ့ပစ်နေကြတယ်”ဟု ဒေသခံကပြောသည်။
ဒေသခံများမှာ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ယနေ့ ညနေပိုင်းတွင် နီးစပ်ရာသို့ စတင်တိမ်းရှောင်နေကြခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။