BREAKING
January 12, 2025

ရေးတွင် PDF ထောက်ပံ့သည်ဆိုကာ ဒေသခံ ၅ ဦးကို ဖမ်းဆီး

September 12, 2024

မွန်ပြည်နယ်၊ ရေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့နေသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ပြည်သူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံတို့ထံမှ သိရသည်။

ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးကို စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းခန့်က ဖမ်းဆီးသွားပြီး စက်တင်ဘာလ ၁၁ ရက်နေ့တွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

“ဖမ်းသွားတာက လူငယ်တွေများတယ်။ သိရသလောက်ကတော့ သူတို့ကို PDF နဲ့ ဆက်သွယ်ပြီးတော့ ငွေကြေးထောက်ပံ့တယ်လို့တော့ ပြောထားတယ်။ ဒီတလောက စစ်ဆေးမှုတွေကလည်း များတော့ သတိထားကြဖို့ လိုတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီဖမ်းဆီးသွားသည့် မြို့ခံ ၅ ဦးကို ရေးအခြေစိုက် စစ်ကောင်စီ စကခ – ၁၉ တွင် ထိန်းသိမ်းထားပြီး စစ်ကြောရေး လုပ်ဆောင်နေကြောင်း ကြားသိရသော်လည်း အဆက်အသွယ် မရသေးဟု ဆိုသည်။

ရေးမြို့အတွင်း ဩဂုတ်လဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီက စစ်အင်အားတိုးချဲ့လာသည့်အပြင် လုံခြုံရေးတိုးမြှင့်ထားပြီး လမ်းသွားလမ်းလာတို့ကို စစ်ဆေးခြင်း၊ ညပိုင်း ဧည့်စာရင်းစစ်ဆေးခြင်းကိုလည်း တင်းကြပ်ထားသည်ဟု မြို့ခံတို့ထံမှ သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်တွင် သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်းကို တော်လှန်ရေးအင်အားစုတို့က ထိန်းချုပ်ထားသည့်အပြင် နယ်မြေအများစုကိုလည်း တော်လှန်ရေးအင်အားစုတို့က စိုးမိုးထိန်းချုပ်ထားသည်။

လက်ရှိတွင် စစ်ကောင်စီက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ စိုးမိုးထိန်းချုပ်ထားသည့် ကားလမ်းနှင့် နယ်မြေအများစုကို ပြန်လည်ထိန်းချုပ်နိုင်ရေး အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေသည်။