BREAKING
October 18, 2024

ထိုင်းတွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို စစ်ကောင်စီက ထပ်မံတင်းကြပ်

September 12, 2024

ထိုင်းနိုင်ငံတွင် ကာလတို ထိုင်းဘာသာနှင့် အင်္ဂလိပ်ဘာသာသင်တန်းများ တက်နေသည့် မြန်မာနိုင်ငံသားများကို နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးမပေးတော့ကြောင်း ဘန်ကောက်ရှိမြန်မာသံရုံးက ယနေ့ (စက်တင်ဘာ ၁၂) ထုတ်ပြန်ကြေညာသည်။

ယခင်က ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားလျက်ရှိသော မြန်မာကျောင်းသားများသည် နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးပါက Passport for Education (PE) နိုင်ငံကူးလက်မှတ်ကို ဘန်ကောက်မြန်မာသံရုံးနှင့် ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများတွင် နေ့ချင်းပြီးလဲလှယ်ပေးနေခြင်းဖြစ်သည်။

လက်ရှိတွင် ကာလတို အင်္ဂလိပ်စာနှင့် ထိုင်းဘာသာသင်တန်းများ အပ်နှံပြီး Non-ED Visa ရယူကာ သင်တန်းတက်ရောက်နေသော ကျောင်းသားအရေအတွက် ပိုမိုများပြားလာနေသဖြင့် မပေးတော့ခြင်းဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ ကာလတိုသင်တန်း တက်ရောက်သင်ကြားနေသော မြန်မာကျောင်းသားများအား PE Type နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ဘန်ကောက်မြန်မာသံရုံးနှင့် ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများတွင် ဆောင်ရွက်ပေးတော့မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီအဖွဲ့က ထိုင်းနိုင်ငံတွင်ရောက်ရှိနေသူများကို နည်းမျိုးစုံဖြင့် တင်းကြပ်မှုများ လုပ်ဆောင်နေပြီး အထောက်အထားလိုအပ်၍ သွားတောင်းရာတွင်လည်း ခက်ခက်ခဲခဲ တောင်းယူရကြောင်း ထိုင်းရောက်မြန်မာများက ဆိုသည်။

ထို့ကြောင့် ထိုင်းနိုင်ငံအတွင်း Language School များတွင် ED Visa လျှောက်ထားပြီး နေထိုင်သူများအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမရတော့ပေ။

“Language School တက်နေတဲ့သူတွေကို စာအုပ်သက်တမ်းမတိုးပေးဘူးလို့ နှစ်စကတည်းက သူတို့ပြောထားတာရှိတယ်။ ကြားထဲတော့ လမ်းကြောင်းတစ်ခုနဲ့ တိုးလို့ရနေသေးတယ်ပေါ့နော်။ အခုကတော့ အတည်ပြုလိုက်ပြီဆိုတော့ မရတော့ဘူးဆိုတဲ့သဘော။ University Program ထဲ ပြောင်းရင် ရနိုင်မနိုင် သေချာတော့ မပြောတတ်သေးဘူးရှင်” ဟု ဘန်ကောက်ရှိ အကျိုုးဆောင်တစ်ဦးက ဆိုသည်။

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဘန်ကောက်မြန်မာသံရုံးနှင့် ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ဖုန်းဆက်မေးမြန်းရာ ဖုန်လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ဘွဲ့ကြို၊ ဘွဲ့လွန်တက်ရောက်နေသော မြန်မာကျောင်းသားများနှင့် အခြေခံပညာတက်ရောက်နေသော ကျောင်းသားများအတွက်မူ Passport for Education (PE) နိုင်ငံကူးလက်မှတ်ကို ယခင်အတိုင်း သက်တမ်းတိုးလဲလှယ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။