BREAKING
September 19, 2024

တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာတွင် ဆယ်ကျော်သက် လူငယ်တစ်ဦး ထပ်မံသေဆုံး

September 12, 2024

တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းကျေးရွာတွင် မနေ့(စက်တင်ဘာ ၁၁) က နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ဆယ်ကျော်သက်လူငယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

မနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပြောသည်။

လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် အသက် ၄၀ ကျော်အရွယ် ဒေါ်စန်းသွယ်မှာ နေရာမှာပင်သေဆုံးပြီး အသက် ၆၀ အရွယ် ဒေါ်စန်းသီနှင့် အသက် ၁၅ နှစ်ခန့်ရှိ မဖြူဇာအေးတို့သုံးဦး သေဆုံးခဲ့သည်။

အသက် ၁၉ နှစ်ခန့်အရွယ် ကိုနေနိုင်သူ(ခ)ဒီးတုတ်မှာ ခြေထောက်တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့သဖြင့် ဆေးရုံတင်ပို့စဉ် မနေ့က ညနေပိုင်းမှာပင် သေဆုံးခဲ့သည်ဟု ကျွဲထိန်းကုန်းရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

“ပေါင်မှာထိပြီး ခြေထောက်အရိုးကျိုးသွားတယ်။ မြိတ်ဆေးရုံကိုတင်ဖို့ လမ်းပိတ်ထားလို့ သယ်မရတော့ မောတောင်ကနေပြီး ထိုင်းမှာလာကုဖို့ သယ်လာတုန်း ကြိမ်ချောင်းရွာ လမ်းမှာပဲသေသွားတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်စန်းသီနှင့် မဖြူဇာအေးမှာလည်း ဆေးရုံကိုပို့ရန် သယ်ယူရင်း လမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ကျွဲထိန်းကုန်းရွာထဲတွင် PDF များရောက်နေပြီး စစ်ကောင်စီတပ်က ရွာထိပ်မှ စစ်ကြောင်းထိုးလာသဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း လက်နက်ကြီးများ၊ ဒရုန်းများဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု ကျွဲထိန်းကုန်းရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းသို့ ပစ်ခတ်ရာတွင် လက်နက်ကြီးကျည်ဆန် နှစ်လုံးမှာ ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ၎င်းက ပြောသည်။

“ပထမတစ်လုံးကျတဲ့အချိန်မှာ တစ်ယောက်ကတော့ ပွဲချင်းပြီးသေတယ်၊ နောက်ထပ်တစ်လုံးထပ်ကျတဲ့အချိန်မှာ ဒဏ်ရာရတဲ့လူတွေလောက်ပဲ ယူပြေးနိုင်တယ်။ ဒဏ်ရာရတဲ့လူ လေးယောက်လုံးလည်း ဆေးရုံကို အချိန်မီသယ်ယူမရလို့ သေသွားတယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

စက်တင်ဘာ ၄ ရက်ကစပြီး စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်ကို စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။