လောင်းလုံးမြို့နယ် ဝေဒီကျေးရွာနှင့် ပြင်းထိန်ရွာကြားတွင် စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းက ထိုးသွင်းဒဏ်ရာများဖြစ် ရေမြောင်းအတွင်း သေဆုံးနေသူမှာ သောကြာပြင်ရွာသား ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသူမှာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဦးချစ်လွင်ဖြစ်ပြီး ကမြောကင်းကျေးရွာအုပ်စု သောကြာပြင်လမ်းဆုံတွင် ဆိုင်ကယ်ကယ်ရီဆွဲသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ဦးချစ်လွင်သည် စက်တင်ဘာလ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်ကစပြီး နေအိမ်မှ စတင်ထွက်ခွာသွားပြီး ညနေအထိ ပြန်မရောက်လာတော့ကြောင်းမိသားစုနှင့် နီးစပ်သူများက ပြောဆိုသည်။
ယင်းနောက် ဦးခေါင်းနှင့် လည်ပင်းတို့တွင် ထိုးသွင်းဒဏ်ရာများစွာဖြင့် သေဆုံးနေသည့် ဦးချစ်လွင်၏ ရုပ်အလောင်းကို ဝေဒီရွာနှင့် ပြင်းထိန်ရွာကြား ကျေးရွားချင်းဆက် လမ်းမဘေးတွင် ယင်းနေ့ ညနေပိုင်းတွင် တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
“သူ့မှာ နာရီတစ်လုံးပဲကျန်တယ်။ ဆိုင်ကယ်မှန်တစ်ချပ်တွေ့တယ်။ ဆိုင်ကယ်လုသွားတယ်လို့ပဲ ယူဆရတယ်” ဟု ရုပ်အလောင်းသယ်ယူရာတွင်ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
ယခုလက်ရှိ ဦးချစ်လွင်၏ ရုပ်အလောင်းကို ဝေဒီရွာသင်္ချိုင်းတွင် ထားရှိပြီး မိသားစုထံ ဆက်သွယ်အကြောင်းထားကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။