မြိတ်မြို့ ကျက်သရေဆောင်တစ်ခုဖြစ်သည့် ကန်တော်မင်္ဂလာ(ရေကန်ဘောင်) တွင် စစ်ကောင်စီက ရေပေါ်ဆိုလာလျှပ်စစ်စီမံကိန်းကို အကောင်အထည် မဖော်ရန် မြိတ်ပကဖအဖွဲ့က သတိပေးတားမြစ်ချက် ယနေ့ (ဩဂုတ် ၁၂) ထုတ်ပြန်လိုက်သည်။
ထိုမင်္ဂလာကန်တော်မှာ မြိတ်မြို ကန်ကြီးနယ်မြေ ကန်ကြီးရပ်ကွက်တွင်တည်ရှိပြီး ၂၁ ဧက ကျော်ကျယ်ဝန်းသည်။
စစ်ကောင်စီသည် အဆိုပါရေကန်ပေါ်တွင် ဆိုလာအချပ်ရေ ၇၄၈၈ ချပ်တပ်ဆင်ပြီး ၄ ဒသမ ၀၈ မဂ္ဂါဝပ်ထုတ်လုပ်မည့် လျှပ်စစ်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း စစ်ကောင်စီပြန်ကြားရေးဌာနက ဩဂုတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ရေကန်အကျယ်အဝန်း၏ သုံးပုံတစ်ပုံပမာဏနှင့်ညီမျှသော ၇ ဧကကျော်ကို စီမံကိန်းအတွက် အသုံးပြုမည်ဟုလည်း ဆိုထားသည်။
ကန်တော်မင်္ဂလာသည် ရှေ့ဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်လာပြီး သမိုင်းဝင်ကန်ဖြစ်ကြောင်း၊ မြို့နေပြည်သူများ၏ အပန်းဖြေနေရာအဖြစ် သတ်မှတ်ထားသည့် နေရာလည်းဖြစ်ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် မီးဘေးအန္တရာယ်ကာကွယ်ရန်အတွက် ရေစုပ်ယူရာတွင် အရေးပါသည့်နေရာဖြစ်ခြင်း၊ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်စေနိုင်ခြင်း၊ ဂေဟစနစ်ပျက်စီးစေခြင်း၊ ဆိုလာစနစ်ကြောင့် ရေခန်းခြောက်ခြင်းများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ ဖြစ်လာနိုင်ကြောင်း ဆိုထားသည်။
အထက်ပါအချက်တို့ကြောင့် ရေပေါ်ဆိုလာလျှပ်စစ်ဓာတ်အားပေးစီမံကိန်း ဖော်ဆောင်မှုကို ချက်ချင်းရပ်တန့်ရန် သတိပေးထားမြစ်ကြောင်း ဖော်ပြထားသည်။
သတိပေးသည့်ကြားမှ လိုက်နာဆောင်ရွက်ခြင်းမရှိက မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။
ကန်တော်မင်္ဂလာကို အေဒီ ၁၈၁၅ ခုနှစ် မြို့ဝန်ပဲတောင့်စားမင်းလက်ထက်က တူးဖော်ခဲ့သည့် ရှေ့ဟောင်းရေကန်ကြီးဖြစ်ဖြစ်ကြောင်း မြို့ခံစာရေးဆရာတစ်ဦး၏ မှတ်တမ်းအရ သိရသည်။
နှစ်ပေါင်းများစွာ မပြုပြင်ဘဲ ထားခဲ့သဖြင့် တိမ်ကောစပြုနေသော ထိုကန်တော်ကို NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် မြို့ခံအများပြည်သူထည့်ဝင်ငွေ၊ ထိုအချိန်တိုင်းအစိုးရ၏ ရန်ပုံငွေတို့ဖြင့် အကြီးစားပြန်လည်တူးဖော်ပြုပြင်ပြီး အများပြည်သူအပန်းဖြေနေရာအဖြစ် ဖော်ထုတ်ထားခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင်မူ ရေအား၊ လေအား၊ ဆိုလာအားတို့ဖြင့် အသေးစား လျှပ်စစ်ဓာတ်အားစီမံကိန်းများ လုပ်ဆောင်ရန် ပြောဆိုလာခဲ့ပြီး ထိုအထဲတွင် ကန်တော်မင်္ဂလာလည်း ပါဝင်လာခဲ့သည်။
တနင်္သာရီတိုင်းတွင် ရေအား၊ လေအား၊ ဆိုလာအားတို့ဖြင့်ဆောင်ရွက်မည့် လျှပ်စစ်စီမံကိန်းပေါင်း ၈၂ ခုရှိကြောင်း စစ်ကောင်စီခန့် တနင်္သာရီဝန်ကြီးချုပ်က ဧပြီလအတွင်း ပြောဆိုခဲ့ဖူးသည်။