BREAKING
October 18, 2024

မြန်မာလုပ်သားများ လစာ ၂၅ရာခိုင်နှုန်း ပြန်မလွှဲပါက အေဂျင်စီကို ဆိုင်းငံ့မည်ဟုအကျပ်ကိုင်

August 12, 2024

ပုံစာ - ဧပြီလက ထိုင်းသို့ လေကြောင်းက ဝင်လာသော MoU မြန်မာလုပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာအလုပ်သမားသံအရာရှိရုံး။

ပြည်ပရောက် မြန်မာအလုပ်သမားများသည် လစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းသို့ ဘဏ်စနစ်ဖြင့် ငွေပြန်မလွှဲပါက စေလွှတ်ထားသော ပြည်ပအလုပ်အကိုင်အေဂျင်စီများကို လုပ်ငန်း ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဌာနက ဩဂုတ်လ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလမှစ၍ ပြည်ပသို့ အလုပ်သမားစေလွှတ်ရာတွင် သက်ဆိုင်ရာနိုင်ငံ၏ အခြေခံလစာ ၂၅ ရာခိုင်နှုန်း ကို ပြည်တွင်းရှိ မိသားစုဝင်များထံသို့ ဘဏ်က လွှဲပေးရမည်ဟု သက်ဆိုင်ရာအေဂျင်စီနှင့် အလုပ်သမားကြား စာချုပ်ချုပ်ဆိုထားကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် ယင်းလတွင် စေလွှတ်ထားသော မြန်မာအလုပ်သမားများမှ မိသားစုလွှဲပို့ငွေများ ပေးပို့လာခြင်း ရှိမရှိကို စေလွှတ် ထားသော အေဂျင်စီများက ယနေ့ ဩဂုတ်လ ၁၂ ရက်မှစ၍ အလုပ်သမားဝန်ကြီးဌာနသို့ အထောက်အထားများနှင့်တကွ လာရောက် ရှင်းလင်းတင်ပြရမည်ဖြစ်ကြောင်း ဆိုသည်။

အလုပ်သမားများ၏ မိသားစုထံ လွှဲပို့ငွေ အထောက်အထားများကို အေဂျင်စီများ၏ တာဝန်ရှိသူများက မတင်ပြနိုင်၊ လွှဲပို့ငွေ ရရှိအောင် မဆောင်ရွက်နိုင်ပါက သက်ဆိုင်ရာ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများကို လုပ်ကိုင်ခွင့် ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် အလုပ်သမားများ ဘဏ်များက ငွေမလွှဲပါက အေဂျင်စီများ ပိတ်သိမ်းခံရနိုင်သကဲ့သို့ အလုပ်သမားများ၏ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးရာတွင်လည်း အခက်တွေ့နိုင်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

“အလုပ်သမားတွေ ငွေမလွှဲထားရင် အေဂျင်စီတွေကို ပိတ်နိုင်တယ်။ အလုပ်သမားတွေကိုလည်း ပတ်စ်ပိုစ့်သက်တမ်းကုန်ရန် မတိုးပေးတော့ဘူးတို့၊ပြည်ပထွက်ခွင့်ပိတ်တယ်တို့ ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ထားသော အေဂျင်စီပေါင်း ၂၄၉ ခုရှိပြီး ၎င်းတို့ အနက် အလုပ်သမားအများဆုံး စေလွှတ်ထားသော အေဂျင်စီ ၁၀ခုကို ယနေ့ ဩဂုတ်လ ၁၂ ရက်တွင် စတင်ခေါ်ယူ စစ်ဆေး မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အထောက်အထားများနှင့်တကွ ရှင်းလင်းတင်ပြရန် အဆိုပါ အေဂျင်စီများထံ စာပေးပို့ ညွှန်ကြားထားကြောင်း အေဂျင်စီတို့ထံမှ သိရသည်။

အဆိုပါ အေဂျင်စီ ၁၀ ခုသည် ပြီးခဲ့သည့် စက်တင်ဘာလ တစ်လအတွင်း ဂျပန်၊ မလေးရှားနှင့် ထိုင်းသို့ အလုပ်သမား ၅၀၀၀ ကျော် ပို့ဆောင်ခဲ့ပြီး ယင်းအနက် ထိုင်းသို့ ၄၆၀၀ ကျော်အထိ အများဆုံးပို့ဆောင်ထားကြောင်း ဖော်ပြသည်။

ထိုင်းသို့ MoU စနစ်ဖြင့် စေလွှတ်ထားသော အလုပ်သမားများသည် ပြည်တွင်းရှိ မိသားစုများထံသို့ ထိုင်းနှင့် မြန်မာဘဏ်များ ကတစ်ဆင့် လစဉ်အခြေခံလုပ်အားခ၏ ၂၅ ရာခိုင်းနှုန်းကို လွှဲပြောင်းရမည်ဟု လက်မှတ်ထိုး စာချုပ်ချုပ်ဆို ထားကြောင်း Zin Tun Win 999 အေဂျင်စီထံမှ သိရသည်။ အဆိုပါအေဂျင်စီသည် အလုပ်သမားပို့ဆောင်မှု အများဆုံးအေဂျင်စီ ၁၀ ခု စာရင်းတွင် ပါဝင်သည်။

သို့သော်လည်း အလုပ်သမားအများစုသည် ဘာသာစကားအခက်အခဲနှင့် ဘဏ်လုပ်ငန်းစဉ်များကို နားလည်မှုမရှိသေးသဖြင့် ထိုင်းဘဏ်များကတစ်ဆင့် မြန်မာဘဏ်များသို့ တိုက်ရိုက်ငွေလွှဲပို့မှု နည်းပါးကြောင်း အေဂျင်စီထံမှ သိရသည်။

အလုပ်သမားများ၏ နေရပ်များရှိ ငွေလွှဲပွဲစားများက တစ်ဆင့် Kpay၊ Wave Pay များဖြင့်သာ လွှဲပြောင်းမှုရှိထားသဖြင့် အလုပ်သမားဝန်ကြီးဌာနက တောင်းခံထားသော အထောက်အထားများ ရရှိရန် ကြိုးစားနေဆဲဖြစ်ကြောင်း Zin Tun Win 999 အေဂျင်စီက တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကလေးတွေက ဘဏ်ကို မသွားတတ်ဘူး။ ထိုင်းစကား မတတ်ဘူး။ အဲဒါကြောင့် သူတို့က မြန်မာနိုင်ငံက ပွဲစားတွေကနေ တစ်ဆင့်ပဲ လွှဲကြတာများတယ်။ ဒါကြောင့် Kpay နဲ့ လွှဲတာတို့ ပွဲစားကနေလွှဲတာတို့ကို (အထောက်အထား) တောင်းခိုင်း ထားတယ်။ ၂၅ ရာခိုင်နှုန်းကို ဘဏ်မှာသွား သွင်းတာမျိုး မရှိဘူးဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ်သမားများကို ဘဏ်စနစ်ဖြင့် အတင်းအကျပ်ငွေလွှဲခိုင်းနေသောကြောင့် အလုပ်သမားများကို အခက်တွေ့စေကြောင်း အလုပ်သမားကူညီရေးအဖွဲ့များနှင့် အလုပ်သမားများက ပြောဆိုသည်။

ယခု ဩဂုတ်လ ၁ ရက်မှစ၍ ထိုင်းရောက် MoU မြန်မာအလုပ်သမားများကိုလည်း ဘဏ်စနစ်ဖြင့် လစာငွေ ၃ လစာ၏ ၂၅ ရာခိုင်နှုန်း ဘတ် ၆၀၀၀ ကို ငွေလွှဲထားကြောင်း အထောက်အထားပြသနိုင်မှသာ U-Turn လုပ်ငန်းစဉ်ဖြင့် နေရပ်ပြန် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသေးသည်။