BREAKING
December 26, 2024

လောင်းလုံး လဝကရုံးစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှု စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးဟုဆို

August 12, 2024

ဓာတ်ပုံ - ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ FB

လောင်းလုံးမြို့ လဝကရုံးရှိ စစ်ဆေးရေးဂိတ်အား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့် ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ ထံမှ သိရသည်။

ဩဂုတ်လ ၁၀ရက် မွန်းတည့် ၁၂နာရီခန့်တွင် လဝကရုံး စစ်ရေးဂိတ်အား အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လမ်းပေါ် ထွက်စစ်ဆေးနေသည့် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ကြောင်း ယင်းတပ်ဖွဲ့ ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းယုန်က ပြောသည်။

“သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) က လေးယောက် ဘန်ကာအပြင်မှာ ရှိနေကြတယ်။ အဲဒီထဲက နှစ်ယောက်က ကားကို ထွက်ပြီးစစ်တယ်။ ကားထွက်သွားတာနဲ့ လမ်းပေါ်မှာရှိနေတဲ့ နှစ်ယောက်ကို အဓိကထားပြီးပစ်တာ။ အဲဒီနှစ်ယောက် ကတော့ သေတယ်ဆိုတာ မျက်မြင်အတည်ပြုချက်ရတယ်။ ကျန်နှစ်ယောက်ကတော့ ဒဏ်ရာရသလားဆိုတာ စုံစမ်းနေတယ်” ဟု ရဲဘော်လင်းယုန်က ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နှင့်အတူ ကျောင်းသားတော်လှန်ရေးတပ်ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့တို့ထံမှ သိရသည်။

ပူးပေါင်းတပ်တို့သည် လဝကရုံးစစ်ဆေးရေးဂိတ်နှင့် မီတာ ၁၅၀ ခန့်အကွာ လောင်းလုံးမြို့နယ် ပညာရေးမှူးရုံးအနီးအထိ အနီးကပ်ဝင်ရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မြို့ခံတစ်ဦးကမူ ယင်းနေ့ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိကြောင်း ကြားသိရသော်လည်း မြို့ပြင်တွင် ဖြစ်ပွားသဖြင့် အသေးစိတ်မသိရဟု ဆိုသည်။

လောင်းလုံး လဝကရုံး စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့် တပ်စွဲထားလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က မကြာခဏလာရောက်တိုက်ခိုက်လေ့ရှိသဖြင့် ဘန်ကာအပြင် ထွက်လေ့မရှိကြောင်း မြို့ခံတို့က ဆိုသည်။

ထားဝယ်မြို့သို့ အတက်အဆင်းလုပ်နေသည့် မော်တော်ယာဉ်များကို စစ်ဆေးချိန်မှသာ ဘန်ကာအတွင်းမှ ထွက်လာလေ့ရှိသည်ဟု ဆိုသည်။

အဆိုပါစစ်ဆေးရေးဂိတ်မှာ လမ်းသွား၊ လမ်းလာ ကားများကို စစ်ဆေးပြီး အဓမ္မငွေကြေးကောက်ခံလေ့ရှိသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်ဆေးရေးဂိတ်လည်းဖြစ်သည်။