ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး မဟာမိတ်ပူပေါင်းတပ်တို့ ယနေ့ နံနက်ပိုင်းတွင် ရွှေချောင်းရွာအနီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း KNLA တပ်နှင့် ဒေသခံအချို့က ပြောသည်။
အဆိုပါစစ်ကြောင်းသည် ဩဂုတ်လ ၈ရက်က အရှေ့တောဒေသကို စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ကျောက်မဲတောင်စခန်း ကို ရောက်ရှိလာပြီးနောက် မေတ္တာဗျူဟာစခန်းဘက်သို့ ဆက်လက်စစ်ကြောင်းထိုးနေကြောင်း ဒေသခံအချို့က ဆိုသည်။
ဩဂုတ်လ ၁၁ ရက်တွင် ကျောက်မဲတောင်ရွာမှ ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှု အချိန်အနည်းငယ်ကြာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။
ယင်းနောက် မေတ္တာဗျူဟာစခန်းကို ဆက်လက်စစ်ကြောင်းထိုးလာရာ ယနေ့ ဩဂုတ်လ ၁၂ရက် နံနက်ပိုင်းက ရွှေချောင်းရွာ အရောက်တွင် KNLA၊ PDF မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်စစ်ကြောင်းတို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွား ကြောင်း ဒေသခံတို့က ဆိုသည်။
“အဲဒီဘက်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ ကျွန်မတို့ဆီကို ရောက်လာတယ်။ အခုမနက် ၁၁ နာရီခွဲလောက်အထိ နှစ်ဖက်ပစ်ခတ်သံတွေကို ကြားရတယ်လို့ပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ကျောက်မဲတောင်ရွာနှင့် ကပ်လျက်ရှိ တောင်သုံးလုံးရွာက ဒေသခံများ ကားကြီး ကားငယ်များဖြင့် ပစ္စည်းများတင်ကာ ထားဝယ်မြို့ပေါ်ကို စစ်ဘေးရှောင်နေကြရကြောင်း ဒေသခံအချို့က ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့် ဩဂုတ်လ ၈ ရက်က ဖမ်းဆီးခေါ်ဆောင်လာသည့် ဒေသခံ သုံးဦးကို ပကာရီကျေးရွာအရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဩဂုတ်လ ၉ ရက်တွင် ဝကုန်းရွာက ခဲမိုင်းလုပ်သည့် ဒေသခံ ခုနစ်ဦးကို တောထဲလမ်းတစ်နေရာတွင် တွေ့သဖြင့် စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ကျောက်မဲတောင်စခန်းအရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေလများကလည်း နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် တောင်သုံးလုံးရွာ၊ ကျောက်မဲတောင်ရွာ၊ ရွှေချောင်း၊ မေတ္တာ၊ ကထောင်းနီစသည့် ကျေးရွာက ဒေသခံများ လအတန်ကြာသည်အထိ စစ်ဘေးရှောင်ခဲ့ ကြရသည်။
အခြေအနေ အေးလာသဖြင့် ရွာတွင် ပြန်လာနေသူများမှာလည်း ယခုတဖန် စစ်ကြောင်းပြန်ထိုးလာသဖြင့် ပြန်လည် ထွက်ပြေး တိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်နေဿည့် ဒေသခံတို့က ပြောသည်။