BREAKING
November 26, 2024

တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်ကြား မြိတ်-ကော့သောင်းလမ်းပိုင်း ဖြတ်သန်းခွင့်ပိတ်ထား

August 12, 2024

ပုံစာ - မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းတွင်လုံခြုံ​ရေး​ဆောင်ရွက်​နေ​သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။(ပုံအ​ဟောင်း) ဓာတ်ပုံ - တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်ကြားရှိ မြိတ်-ကော့သောင်းလမ်းပိုင်းကို စစ်ရေးအခြေအနေအရ ယနေ့ ဩဂုတ်လ ၁၂ရက် နံနက် ၉နာရီခန့်ကစပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံက ပြောသည်။

တနင်္သာရီမြို့မှ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်အစပ် 1020 တောင်အထိ ခရီးသွားလာခြင်းကို ပိတ်ထားကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် ခလရ ၅၆၁ တပ်ရင်းကို ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လမ်းမကြီးပေါ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ သဖြင့် ယင်းလမ်းပိုင်းအသုံးပြုခြင်းအား တားမြစ်ခြင်းဖြစ်ကြောင်း တိုင်းပကဖတာဝန်ခံ ရဲဘော်စတားက ပြောဆိုသည်။

“ဒီမနက် ကန့်သတ်နယ်မြေအတွင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်။ အသွားအလာ မလုပ်ဖို့ပါပဲ။ ခွင့်မပြုပေးမချင်း မဖြတ်သန်းရ၊ စကစတပ်တွေဘက်က ကန့်သတ်လမ်းပိုင်းထဲ လက်နက်ကြီးနဲ့ ပစ်နေလို့ ပိတ်ပေးတာပါ။ လမ်းမပေါ်က ဘုတ်ပြင်းဘက် တက်မယ့် ကားတွေကို ပြန်လှည့်ခိုင်းထားတယ်” ဟု ၎င်းက ပြောသည်။

တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းကို ပိတ်ဆို့မှုကြောင့် ကားရာနှင့်ချီ မြိတ်-ထားဝယ် လမ်းပိုင်းတစ်လျှောက်တွင် ပိတ်မိနေ ကြောင်း ဒေသခံအချို့က ဆိုသည်။

ကားသမားများနှင့် ဖုန်းအဆက်အသွယ် မရသေးသဖြင့် မည်သည့်အကြောင်းအရင်းကြောင့် လမ်းကြောင်း ပိတ်လိုက် သည်ကို သေသေချာချာ မသိရသေးကြောင်း ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“အခုမနက်ကမှ ပိတ်တာဆိုတော့ ကားတွေပြန်လှည့်လာတာမျိုးလည်း မရှိသေးဘူး။ အခြေအနေကို စောင့်ကြည့်နေကြတဲ့ သဘောထင်တယ်။ ဖုန်းဆက်တာ ဆက်သွယ်မှုဧရိယာပြင်ပဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်ကနေ မေလ ၁၁ ရက်အထိ ဖြစ်ပွားခဲ့သည့် 1020 စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းယူခဲ့သည့် တိုက်ပွဲတွင်လည်း မြိတ်-ထားဝယ်ကားလမ်း ရက်ရှည်ပိတ်ခဲ့ဖူးသည်။

မေလ ၁၁ ရက်တွင် KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်က 1020 တောင်စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး အခုလက်ရှိအချိန်ထိ ယင်းစခန်းကို ထိန်းချုပ်ထားဆဲဖြစ်သည်။