BREAKING
September 19, 2024

ထိုင်းဘုရင့်နိုင်ငံမှ လိမ္မော်ရောင်ခရီး

August 12, 2024

လိမ္မော်ရောင်အလံနောက်က ထိုင်းနိုင်ငံသားတွေရဲ့ ရင်ထဲက ဝေဒနာ ဘယ်လိုပဲ ဖြစ်ပစေ မြိုသိပ်ထားတယ်ဆိုပေမဲ့ နှမလက်လျှော့ နေလေတော့ မဖြစ်သေးပါဘူး။ တကယ်တော့ အပြောင်းအလဲခရီး သန္ဓေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ နီးနီးလောက်က စခဲ့တာပါ။ ဒါပေမဲ့ အခုထိ ပန်းမဝင်နိုင်သေးဘူးပဲ ဆိုရမှာပါ။

လမ်းခရီးရဲ့နောက်ဆုံး သွေးသားအရောင်က လိမ္မော်ရောင်ပါ။ တတိယပ္ပိတပ်ဦးအမည်က ပြည်သူ့ပါတီ။ ပါတီအမည်ကလည်း လွန်ခဲ့နှစ်ပေါင်း ၁၀၀ နီးနီးက စခဲ့တဲ့ အပြောင်းအလဲခရီး တပ်ဦးအမည်။

ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကို ပြန်သွားကြည့်ရမယ်။

သမိုင်းခြေရာ

၁၈၈၅ နှစ်အကုန်မှာ အထက်ဗမာပြည်ကို အင်္ဂလိပ်တပ်တွေ သိမ်းပိုက်ပြီး အိန္ဒိယရဲ့ ပြည်နယ်အဖြစ် နေမဝင်အင်ပါယာထဲ သွတ်သွင်းလိုက်တယ်။ တချိန်က အရှေ့တောင်အာရှမှာ အင်အားအကြီးဆုံးဖြစ်ခဲ့ဖူးတဲ့ ဗမာပဒေသရာဇ်တွေရဲ့ ကျဆုံးခန်းဟာ အိမ်နီးနားချင်း ဆိုင်းယမ်ဘုရင့်နိုင်ငံမှာ စိုးစံနေတဲ့ သက်ဦးဆံပိုင်ပဒေသရာဇ်အထက်တန်းလွှာကို တုန်လှုပ်စေခဲ့တယ်။

အနောက်နိုင်ငံတွေ လက်ကနေ လွတ်လပ်ရေးကို လွတ်လပ်ရေးကို ဘယ်လိုကာကွယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ရာမ ၅ ချုလာလောင်ကွန်း ဘုရင် က လန်ဒန်ဘုရင့်ကောလိပ်ကျောင်းဆင်း ဆိုင်းယမ်မင်းသားပရစ်ဒန်ဆီ စာလှမ်းရေး အကြံဉာဏ်တောင်းတယ်။ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေးဆီ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ မင်းသားရဲ့ အကြံပေးစာ ပြင်သစ်ကနေ ဘန်ကောက်ကို ရောက်လာတယ်။ ဒါပေမယ့် ချုလာလောင်ကွန်းဘုရင်က ဆိုင်းယမ်ဘုရင့်နိုင်ငံသူနိုင်ငံသားတွေဟာ ဒီမိုကရေစီအတွက် အဆင်သင့်မဖြစ်သေးဘူးဆိုပြီး အကြောင်းပြခဲ့တယ်။

ဒီလိုနိုင်ငံရေးမိုးလေဝသနောက်ခံမှာ သက်ဦးဆံပိုင်ပဒေသရာဇ်နိုင်ငံကို ခေတ်သစ်တစ်ခုဆီ ဆွဲခေါ်သွားမယ့် သမိုင်းဝင်ဖြစ်ရပ်ဟာ ပါရီမြို့က ကဖေးဆိုင်ထဲမှာ သန္ဓေတည်လာတယ်။

ပါရီကဖေးက တော်လှန်ရေးအမြုတေ

၁၉၂၇ ရဲ့ ဆောင်းရာသီ နေ့တစ်နေ့။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်ရဲ့ ကဖေးဆိုင်ထဲမှာ ဆိုင်းယမ်ဘုရင့်နိုင်ငံက လူငယ်ခုနစ်ယောက် တွေ့ဆုံကြတယ်။ လူငယ် ၇ ယောက်ရဲ့ လာရာနောက်ခံက ကွဲပြားတယ်။ စစ်ဘက်အရာရှိက သုံးယောက်၊ ဥပဒေကျောင်းသားသုံးယောက်နဲ့ သံတမန်က တစ်ယောက်။ သူတို့ကို ပါရီကဖေးဆိုင်ထဲမှာ စုစည်းပေးလိုက်တာက တူညီတဲ့ ပန်းတိုင်တစ်ခု။ ဆိုင်းယမ်ဘုရင့်နိုင်ငံတော်မှာ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ကို ကားစင်တင်ပြီး ဒီမိုကရေစီဖော်ဆောင်နိုင်ရေးဆိုတဲ့ အန္တိမပန်းတိုင်။ ငါးရက်ကြာ ခေါင်းချင်းရိုက်ဆွေးနွေးကြပြီးနောက်မှာ လူငယ် ၇ ယောက်ဟာ ‘ပြည်သူ့ပါတီ’လို့ အဓိပ္ပါယ်ရတဲ့ Khana Ratsodon အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်။

နောက်ငါးနှစ်အကြာ ၁၉၃၂ ခုနှစ်မှာပဲ ‘ဆိုင်ယမ်တော်လှန်ရေး’ လို့ နာမည်ကျော်တဲ့ အရေးတော်ပုံကို ပြည်သူ့ပါတီအဖွဲ့က အောင်မြင်စွာ ဆင်နွှဲလိုက်တယ်။ ၁၃ ရာစုနှစ် ဆူခိုထိုင်းဘုရင့်နိုင်ငံခေတ်ကနေ အစဉ်သရွေ့ တည်တံ့လာခဲ့တဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ဟာ ဘန်ကောက်မှာ ပြည်ဖုံးကားချသွားတယ်။

အာဏာရှင်ဘုရင့်နိုင်ငံထဲ သွေးမြေမကျ ဒီမိုကရေစီအပြောင်းအလဲ ဖြစ်လာတယ်။ နှစ်ပေါင်း ၇၀၀ တည်တံ့လာတဲ့ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ကနေ စည်းမျဉ်းခံဘုရင်စနစ်ဆီ ရွေ့လာတယ်။ အခြေခံဥပဒေနဲ့ လွှတ်တော်ဆိုတာတွေ ဦးဦးဖျားဖျား ပေါ်ပေါက်လာတယ်။

မျှော်လင့်ချက်မှသည် အဆိုးကျော့သံသရာဆီ

ထိုင်းနိုင်ငံရေးကံကြမ္မာကို ပုံဖော်ပေးမယ့် ပါရီကဖေးဆိုင်ထဲ တွေ့ဆုံပွဲမှာ နောင်တချိန် ရန်သူတော်ဖြစ်လာမယ့် ပရီဒီနဲ့ ဖီဘွန်ဆိုတဲ့ လူငယ်နှစ်ဦးလည်း ပါဝင်ခဲ့တယ်။ အဲဒီအချိန်က သူတို့နှစ်ယောက်စလုံးဟာ အသက် ၃၀ မပြည့်တတ်သေး။ ဆိုင်းယမ်တော်လှန်ရေးအောင်ပွဲခံပြီး သိပ်မကြာခင်မှာပဲ ပရီဒီဦးဆောင်တဲ့ အရပ်ဘက်နိုင်ငံရေးသမားအုပ်စုနဲ့ ဖီဘွန်ဦးဆောင်တဲ့ စစ်ဘက်အုပ်စုရဲ့ ပါတီတွင်းပဋိပက္ခဟာ နက်ရှိုင်းလာခဲ့တယ်။

ဒါဟာ ကြမ္မာငင်ဇာတ်လမ်းရဲ့ အစပဲ။ ဒီမိုကရေစီစံတန်ဖိုးတွေနဲ့ ခေတ်သစ်လူ့ဘောင်ဆီ ချီတက်ရေး ကြွေးကြော်သံနဲ့ တော်လှန်ရေးဆင်နွှဲခဲ့တဲ့ ပြည်သူ့ပါတီဟာ အာဏာရပြီး သိပ်မကြာခင်မှာပဲ အာဏာရှင်ဆန်လာတယ်။ ပါတီတွင်းအကွဲအပြဲတွေ အပုပ်နံ့ထွက်လာတယ်။

ဘုရင်စနစ်ကို သစ္စာခံလိုတဲ့ ရှေးရိုးစွဲဝါဒီတွေရဲ့ တန်ပြန်အာဏာသိမ်းဖို့ ကြိုးစားမှုတွေ ပေါ်လာတယ်။ ဘန်ကောက်မြို့နှုတ်ခမ်းမှာ သေနတ်သံတွေ ခြိမ်းလာတယ်။ ရင်နာစရာကောင်းတာက ဆိုင်းယမ်တော်လှန်ရေးဟာ ဒီမိုကရေစီရွှေခေတ်ဆီ ရောက်မလာဘဲ စစ်အာဏာရှင်လက်အောက်က ဝရုန်းသုန်းကားနှစ်ကာလများကိုပဲ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးလိုက်တယ်။

၁၉၃၂ ခုနှစ်ကစပြီး စစ်အာဏာသိမ်းမှုတွေ၊ တန်ပြန်အာဏာသိမ်းဖို့ ကြိုးစားတဲ့ ဖြစ်ရပ်တွေ တောက်လျှောက်ဖြစ်လာခဲ့တယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ အာဏာသိမ်းမှုအများဆုံး ဖြစ်ခဲ့တဲ့ နိုင်ငံဖြစ်လာတယ်။ ကျောင်းသားဆန္ဒပြပွဲတွေနဲ့ တက္ကသိုလ်မြက်ခင်းပြင်မှာ သွေးစွန်းရတဲ့နေ့တွေ ရလာတယ်။

ဆန္ဒပြလူအုပ်ကြီးထဲကို ရဟတ်ယာဉ်ပေါ်ကနေ သေနတ်နဲ့ ပစ်သတ်တဲ့ ရက်စွဲတွေ ပေါ်လာတယ်။ ရင်ကွဲနာအောက်တိုဘာနေ့စွဲတွေ ၊ အမည်းရောင်မေလအရေးအခင်းတွေနဲ့ သမိုင်းဟာ မယုံနိုင်အောင် သွေးစွန်းခဲ့တယ်။

၁၉၃၂ ဆိုင်းယမ်တော်လှန်ရေးဟာ ဒီမိုကရေစီအတွက် တော်လှန်ရေးလုပ်ခဲ့တာဆိုပေမယ့် ရလဒ်ကတော့ စစ်တပ်အင်အားနဲ့ အာဏာသိမ်းတဲ့ သဘောသက်သက်သာ ဖြစ်ခဲ့တယ်။ အရပ်သားပရီဒီနဲ့ စစ်ဗိုလ်ဖီဘွန်ကြားက အားပြိုင်မှုမှာ ပရီဒီကျရှုံးသွားတယ်။ ပရီဒီ မျှော်မှန်းတဲ့ ဒီမိုကရက်တစ်ထိုင်းနိုင်ငံ ဖြစ်မလာဘဲ လက်ရှိမြင်နေရတဲ့ အာဏာရှင်စနစ်လွှမ်းတဲ့ ထိုင်းနိုင်ငံရေးကို ဖီဘွန်က ပုံသွင်းလိုက်တယ်။၁၉၃၂ ခုနှစ်ကစပြီး ထိုင်းနိုင်ငံရေးမှာ ဘုရင်နဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍ တန်ခိုးထွားလာခဲ့တာ ဒီကနေ့အချိန်အထိပါပဲ။

ဝိရောဓိ တော်ဝင်

သက်တော်ရှည်ထိုင်းဘုရင် ဘူမိဘော (ရာမ ၉) လက်ထက်မှာ ကြီးပြင်းလာခဲ့ကြတဲ့ ထိုင်းနိုင်ငံသားမျိုးဆက်ဟောင်း တော်တော်များများဟာ တော်ဝင်မိသားစုကို အလေးအမြတ် ရိုသေကြတယ်။ ထိုင်းလူ့အဖွဲ့အစည်းထဲက စစ်တပ်နဲ့ ဗျူရိုကရက်တွေ အပါအဝင် ရှေးရိုးစွဲသမားတွေဟာ ဘုရင်ကို တိုင်းပြည်ရဲ့ အမျိုးသားညီညွတ်ရဲ့ ရေးပြယုဂ်၊ နိုင်ငံတည်ငြိမ်မှုရဲ့ ပြယုဂ်အဖြစ် ရိုသေလေးစားကြတယ်။ အမျိုးသားရေးအမှတ်သရုပ်လက္ခဏာနဲ့ တိုင်းပြည်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရေးအတွက် နန်းတော်ဟာ မရှိမဖြစ်လိုအပ်တယ်လို့ ယူဆကြတယ်။

ဘုရင်ဘူမိဘောလက်ထက်က ဖော်ဆောင်ခဲ့တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေကြောင့် ကျေးလက်ဒေသအချို့မှာ ဘုရင်စနစ်ကို ထောက်ခံသူ ပမာဏဟာ အတိုင်းအတာ ကြီးကြီးမားမားရှိတယ်။ မြို့ပြနေ လူလတ်တန်းစား ရှေးရိုးစွဲသမားတွေကလည်း ဘုရင်စနစ်ကို ထောက်ခံကြတယ်။ ဘုရင်စနစ်ကို ထောက်ခံတဲ့ People’s Alliance for Democracy (PDA) အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ရှပ်ဝါဆန္ဒပြပွဲတွေ ဘန်ကောက်မြို့ပေါ်မှာ ကြီးကြီးမားမား ဖြစ်ပွားခဲ့ဖူးတာ သက်သေပါပဲ။

ထိုင်းနိုင်ငံဟာ ပိုမိုခေတ်မီလာတာနဲ့အမျှ ပြည်သူတွေကြားမှာ ယဉ်ကျေးမှုတန်ဖိုးတွေက ပြောင်းလဲလာတယ်။ အထူးသဖြင့် လူငယ်တွေကြားမှာ ဒီမိုကရေစီစံတန်ဖိုးတွေ၊ တစ်ဦးချင်းပုဂ္ဂလိကအခွင့်အရေးတွေတွေကို ပိုအလေးအမြတ်ထားလာတယ်။ ဘုရင်စနစ်ကို ဆန့်ကျင်လိုတဲ့ ခံစားချက်တွေ လက်ရှိထိုင်းနိုင်ငံမှာ အင်အားကြီးလာနေတယ်။

အထူးသဖြင့် ဘုရင်ဘူမိဘော နတ်ရွာစံပြီးနောက်ပိုင်း အရွယ်ရောက်လာကြတဲ့ လူငယ်တွေကြားမှာ ဘုရင်စနစ်အပေါ် မနှစ်မြို့နိုင်မှုဟာ သိသိသာသာ ကြီးထွားလာခဲ့တယ်။ ဘုရင်ကို အလေးအမြတ်ကြည်ညိုတဲ့ ရိုးရာအစဉ်အလာနဲ့ လမ်းခွဲထွက်လာတဲ့ မျက်မှောက်ခေတ်လူငယ်တွေဟာ ထိုင်းနိုင်ငံရေးမှာ တော်ဝင်မိသားစုရဲ့ အခန်းကဏ္ဍကို မေးခွန်းထုတ်လာတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စီးပွားရေးအခွင့်အလမ်းဆိုတာတွေကို ပိုငတ်မွတ်တောင့်တလာတယ်။

အထူးသဖြင့် ‘Lese-majeste’ ဥပဒေအရ ထိုင်းနိုင်ငံသားတွေရဲ့ လွတ်လပ်ရေးထုတ်ဖော်ပြောဆိုခွင့်ကို နှိမ်နှင်းတာတွေက ထိုင်းလူငယ်တွေ ၊ တိုးတက်တဲ့ အမြင်ရှိသူတွေကို ဒေါသထွက်စေတယ်။ တော်ဝင်မိသားစုရဲ့ ဓနဥစ္စာဟာ သူတို့ကိုယ်ကျိုးအတွက်သက်သက် သုံးဖြုန်းနေတာမဖြစ်သင့်ဘဲ တိုင်းပြည်တွင်းက လူမှုဘဝပြဿနာတွေကို ဖြေရှင်းရာမှာ ပိုအသုံးချသင့်တယ်လို့ သူတို့က ခံစားတယ်။

၂၀၂၀ ခုနှစ်ကစပြီး ဒီမိုကရေစီအရေး ဆန္ဒပြပွဲကြီးတွေ ထိုင်းနိုင်ငံအနှံ့မှာ ပေါ်ပေါက်လာတယ်။ ဘုရင်စနစ်အပါအဝင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် အော်ဟစ်ကြွေးကြော်သံတွေ ပွက်ပွက်ညံလာတယ်။ တော်ဝင်မိသားစုကို ဝေဖန်ရုံနဲ့ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ ဒီနိုင်ငံမှာ ဒီလိုတောင်းဆိုဆန္ဒပြတာဟာ အင်မတန်ရဲရင့်တဲ့ ပြည်သူတွေလို့ ဆိုရမှာပါ။

လိမ္မော်ရောင်ခရီးကြမ်းအစ

ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို လိုလားတဲ့ ထိုင်းပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်စေတာကတော့ Future Forward ပါတီလို နိုင်ငံရေးပါတီတွေ စတင်ထွက်ပေါ်လာခဲ့တာပါပဲ။ ရှပ်နီ၊ ရှပ်ဝါ လှုပ်ရှားမှုတွေရဲ့ အရိပ်ကဲနေတဲ့ ဒီနိုင်ငံမှာ လိမ္မော်ရောင်အလံနဲ့ ပေါ်ထွက်လာတဲ့ Future Forward လို ပါတီတွေက အပြောင်းအလဲလိုလားတဲ့ လူထုရဲ့ မျှော်လင့်ချက်ရှေ့ဆောင် ဖြစ်လာတယ်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ လိမ္မော်ရောင်ခရီးကြမ်းနိဒါန်းကို ပြန်ခြေရာခံရင် Future Forward ပါတီကို ဘယ်လိုမှ မေ့ဖျောက်ချန်ထားလို့ မရပါဘူး။ ၁၉၃၂ ဆိုင်းယမ်တော်လှန်ရေးရဲ့ ပြုပြင်ပြောင်းလဲရေးစိတ်ဓာတ်ကို ပဲ့တင်ထပ်တဲ့ တောင်းဆိုချက်တွေနဲ့ Future Forward ပါတီကို ၂၀၁၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်။

လူငယ်ဘီလျံနာစီးပွားရေးသမား Thanathorn Juangroongruangkit နဲ့ လက်ထောက်ဥပဒေပါမောက္ခ Piyabutr Saengkanokkul တို့က လိမ္မော်ရောင် Future Forward ပါတီကို ပူးတွဲဦးဆောင်တယ်။ နိုင်ငံရေးမှာ စစ်တပ်ရဲ့ လွှမ်းမိုးမှုကို ကန့်သတ်ရေး၊ စစ်တပ်ရေးဆွဲထားတဲ့ ၂၀၁၇ ထိုင်းအခြေခံဥပဒေမှာ ဒီမိုကရေစီစံတန်ဖိုးတွေ ပိုမိုပါဝင်ရေးဆိုတဲ့ ကြွေးကြော်သံ ကတိကဝတ်တွေက လူငယ်တွေနဲ့ ပညာတတ်မြို့ပြလူလတ်တန်းစားကို ဖမ်းစားလိုက်တယ်။ ပါတီထောင်ပြီး တစ်နှစ်အကြာ ၂၀၁၉ ရွေးကောက်ပွဲမှာ အမတ်နေရာ ၈၁ နေရာ အနိုင်ရခဲ့တယ်။

ဒါပေမယ့် နန်းတော်နဲ့ စစ်တပ်က လွှမ်းမိုးထားတဲ့ ထိုင်းနိုင်ငံရေးရဲ့ ပါဝါဒိုင်းနမစ်က လိမ္မော်ရောင်မျှော်လင့်ချက်တွေကို ချမ်းသာမပေး။ Future Forward ပါတီဟာ ရွေးကောက်ပွဲဘဏ္ဍာရေးဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ဖေဖော်ဝါရီလမှာ အခြေခံဥပဒေခုံရုံးကနေ ပါတီကို ဖျက်သိမ်းပစ်လိုက်တယ်။ ပါတီခေါင်းဆောင်တွေကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ် ပိတ်လိုက်တယ်။ သို့သော်…..။

ဘုရင့်နိုင်ငံက လိမ္မော်ရောင်ခရီးကြမ်းဟာ ခယောင်းလမ်းပေါ်မှာ ရပ်တန့်မသွားခဲ့။

သံလျက်နဲ့ တင့်ကားရဲ့ အာဏာက အမဲဖျက်တာ ခံလိုက်ရတဲ့ Future Forward ပါတီကို Move Forward ပါတီက ဆက်ခံခဲ့တယ်။ Move Forward ပါတီကို Ruam Pattana Chart Thia ပါတီဆိုတဲ့ နာမည်နဲ့ ၂၀၁၄ ခုနှစ် မေလ ၁ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တယ်။ ၂၀၁၉ ဒီဇင်ဘာမှာ Move Forward ပါတီအဖြစ် နာမည်ပြောင်းလိုက်တယ်။ Future Forward ပါတီဖျက်သိမ်းခံလိုက်ရပြီးနောက်မှာ ပါတီဝင်တော်တော်များများက Move Forward ပါတီနဲ့ ပူးပေါင်းပြီး လိမ္မော်ရောင်မျှော်လင့်ချက်ကို လက်ဆင့်ကမ်းတယ်။

တိုင်းပြည်ရဲ့ ဒီမိုကရေစီရှေ့ဦးခေါင်းဆောင် ပရီဒီတည်ထောင်ခဲ့တဲ့ သမ္မာဆတ်တက္ကသိုလ်နဲ့ ဟားဗတ်ကပါ ဘွဲ့ရလာတဲ့ Pita Limjaroenrat ကို ပါတီခေါင်းဆောင်အဖြစ် ၂၀၂၀ မှာ ရွေးချယ်တင်မြှောက်ခဲ့တယ်။ Move Forward ပါတီဟာ ၂၀၂၃ ရွေးကောက်ပွဲမှာ မဲအများဆုံးရပြီး လူထုထောက်ခံမှုအများဆုံးရတဲ့ပါတီ ဖြစ်လာတယ်။ ပါလီမန်မှာ နေရာ ၁၅၁ ခုနဲ့ အနိုင်ရခဲ့တယ်။ စစ်တပ်လွှမ်းမိုးထားတဲ့ ဆီးနိတ်ရဲ့ တားဆီမှုကြောင့် ပါတီခေါင်းဆောင် Pita Limjaroenrat ဟာ ဝန်ကြီးချုပ်ဖြစ်မလာခဲ့ဘူး။ ပိုရက်စက်တာကို ပြောပြရရင် တော်ဝင်မိသားစုတွေကို ဖူးဖူးမှုတ်ထားတဲ့ တော်ဝင်ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ်ဆိုတဲ့ ရွေးကောက်ပွဲကတိကဝတ်ကြောင့် ဒီရက်ပိုင်း ဩဂုတ် ၇ ရက်နေ့မှာပဲ ပါတီပါ ဖျက်သိမ်းခံလိုက်ရတယ်။ ပါတီခေါင်းဆောင်တွေလည်း နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ် အပိတ်ခံလိုက်ရတယ်။ လိမ္မော်ရောင်ခရီးကြမ်းဟာ ဒီလောက်နဲ့ ရပ်တန့်သွားမှာလား။

ပူပူနွေးနွေး ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward ပါတီဝင်တွေဟာ နောက်ထပ်ရက်ပေါင်း နှစ်ရက်အကြာ ဩဂုတ်လ ၉ ရက်နေ့မှာပဲ ပြည်သူ့ပါတီဆိုတဲ့ နာမည်နဲ့ ပါတီသစ်ထပ်ထောင်လိုက်တယ်။ ချူလာလောင်ကွန်းတက္ကသိုလ်ထွက် ကွန်ပျူတာအင်ဂျင်နီယာဘွဲ့ရ Mr.Nattapong Ruangpanyawut က အသက် ၃၇ နှစ်အရွယ်နဲ့ ပါတီသစ်ကို ဦးဆောင်လာတယ်။

ခေတ်နောက်ပြန်ရှေးရိုးစွဲဝါဒီတွေ မင်းမူနေတဲ့ အရှေ့တောင်အာရှက ဘုရင့်နိုင်ငံတစ်ခုမှာ ‘လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနဲ့ သဟာယစိတ်ဓာတ်’ဆိုတဲ့ စံတန်ဖိုးတွေကို ပါတီဆောင်ပုဒ်အဖြစ် ကိုင်စွဲလာတယ်။ ဒီစံတန်ဖိုးတွေဟာ ပြင်သစ်ပဒေသရာဇ်စနစ်ကို ဖြိုချခဲ့တဲ့ ပြင်သစ်တော်လှန်ရေးရဲ့ စံတန်ဖိုးတွေပဲ ဖြစ်တယ်။

ပါတီရဲ့ နာမည်ကလည်း ပါရီကဖေးဆိုင်ထဲမှာ သန္ဓေတည်ခဲ့တဲ့ ပြည်သူ့ပါတီနဲ့ တူနေတယ်။ ပါတီစထောင်လိုက်တဲ့နေ့မှာပဲ ပြည်သူ့ပါတီဟာ Move Forward ပါတီရဲ့ ထောက်တိုင်အိုင်ဒီယိုလော်ဂျီကို ဆက်လက်ကိုင်စွဲသွားမယ် ဆိုတဲ့အကြောင်း တိုင်းသိပြည်သိ ကြေညာတယ်။ ဘုရင်စနစ်ကို ကာကွယ်ထားတဲ့ တော်ဝင်ဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ ကြုံးဝါးတယ်။

“အခြားသူတွေကို နှိပ်စက်တိုက်ခိုက်ဖို့ ဒီဥပဒေကို လက်နက်တစ်ခုလို အသုံးချလို့ မရအောင် ဒီပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ကျွန်တော်တို့ အဆိုပြုထားတယ်ဆိုတာ ပြောထားပြီးပြီ။ ကျွန်တော်တို့ ဘာကိုမှ ဂရုစိုက်နေမှာ မဟုတ်ဘူး”

အတိတ်က ထိုင်းဧကရာဇ်တွေဟာ ထိုင်းပြည်သူတွေအနေနဲ့ ဒီမိုကရေစီအတွက် အဆင်သင့်မဖြစ်သေးဘူးဆိုပြီး တွက်ခဲ့ဖူးတယ်။ ဒါပေမယ့် အခုလောလောလတ်လတ် ပေါ်ထွက်လာတဲ့ ပြည်သူ့ပါတီရဲ့ တိုက်ပွဲဝင်လိုက်စိတ်ဟာ လိမ္မော်ရောင်ခရီးကြမ်းပေါ်က ထိုင်းပြည်သူတွေရဲ့ စိတ်မာန်ကို ထင်ဟပ်ပြနေပါပြီ။ လိမ္မော်ရောင် ခရီးမှာ ပါတီတွေ အဖျက်ခံရတယ်။ ဒါပေမဲ့ နှမလက်လျှော့ နေလေဦးမှာတော့ မဟုတ်သေးပါဘူး။

Ref: Bangkok Post, Al Jazeera, The Diplomat, The Economist, The Story of Thai Democracy

ဈာန်ဟိန်း