BREAKING
January 17, 2025

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

July 12, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၆ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ

အီရန်တွင် ပြုပြင်ပြောင်းလဲလိုလားသူ သမ္မတအသစ်ဖြစ်လာ

အီရန်နိုင်ငံမှာ ဇူလိုင်လ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲမှာ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ Masoud Pezeshkian ကအနိုင်ရရှိခဲ့ပါတယ်။

သူက မဲရလဒ် ၅၃ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရရှိခဲ့တာပါ။

ပြည်သူတွေရဲ့ ယုံကြည်မှု၊ စာနာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့သာ ချောချောမွေ့မွေ့ သွားနိုင်မှာ ဖြစ်တယ်လို့ သမ္မတသစ်က ကြေညာခဲ့ပါတယ်။

သူက အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး နှလုံးခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပါတယ်။

သူက လူမှုအသိုင်းအဝိုင်းထဲမှာ ပိုပြီးလွတ်လပ်ခွင့်ပေးဖို့နဲ့ နိုင်ငံရေးမှာ အများပါဝင်လာနိုင်ရေးတွေကိုလည်း ကြိုးပမ်းသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံ ခေါင်းဆောင်နောက်မှာ သမ္မတအသစ်အနေနဲ့ သူ့ရဲ့ ကတိတွေကို ဘယ်လောက် လက်တွေ့လုပ်နိုင်မလဲဆိုတာကို ပြည်သူတွေ စိတ်ဝင်စားနေကြပါတယ်။

ဒါပေမဲ့လည်း သဘောထားတင်းမာတဲ့ ပြိုင်ဘက် Saeed Jalili ကို အနိုင်ရခဲ့တဲ့အတွက် ပြည်သူတွေက လွတ်လပ်မှုကို လိုလားနေတယ်ဆိုတာ ပြသနေတာဖြစ်ပါတယ်။

Ref: CNN

………………………………..

ခိုလှုံခွင့်တောင်းခံသူများကို ရဝမ်ဒါပို့မည့်အစီအစဉ် ဗြိတိန်အစိုးရသစ် ဖျက်သိမ်း

ဗြိတိန်ဝန်ကြီးချုပ်အသစ် ကီယာစတားမာ (Keir Starmer) က အရင် ကွန်ဆာဗေးတစ်လက်ထက်က အဆိုပြုခဲ့တဲ့ နိုင်ငံတွင်း ခိုလှုံခွင့်တောင်းခံသူတွေကို ရဝမ်ဒါနိုင်ငံကို ပို့မယ့် မူဝါဒကို ဖျက်သိမ်းလိုက်တယ်လို့ ဇူလိုင်လ ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ရဝမ်ဒါအစီအစဥ်ကို မစတင်ခင်မှာပဲ အပြီးတိုင် အဆုံးသတ်သွားပြီလို့ ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

ဒီပြောင်းလဲမှုက ဝန်ကြီးချုပ်သစ် ရာထူးယူပြီးနောက်ပိုင်း ပထမဆုံး လုပ်ဆောင်တဲ့ မူဝါဒ အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။

သူ မဲဆွယ်စည်းရုံးရေးဆင်းတုန်းက ဒေါ်လာသန်းရာနဲ့ချီ ကုန်ကျမယ့် ဒီအစီအစဉ်ကို ဖျက်သိမ်းဖို့ ပြောကြားထားခဲ့ပါတယ်။

ရဝမ်ဒါ အစီအစဉ်ဟာ အန္တရာယ်များလှတဲ့ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပြီး ရွှေ့ပြောင်းဝင်ရောက်ကြသူတွေကို တားဆီးဖို့ ရည်ရွယ်တဲ့ ဝန်ကြီးချုပ်ဟောင်း ရီရှီ ဆူးနက်ခ်အစိုးရရဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ကိုးလပြည့်လာသော ဂါဇာစစ်ပွဲ အပစ်ရပ်ရေး အစ္စရေးတွင် ဆန္ဒပြ

ဟာမတ်စ်နဲ့ အစ္စရေးစစ် ၉ လပြည့်လာတဲ့အချိန် အပစ်အခတ်ရပ်စဲရေး တွန်းအားပေးတဲ့အနေနဲ့ အစ္စရေးနိုင်ငံတဝန်းမှာ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နုတ်ထွက်ဖို့လည်း တောင်းဆိုခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက် ဟာမတ်စ်တို့ စပြီး ပထမဆုံး ဒုံးကျည်နဲ့ပစ်ခတ်ခဲ့လို့ စတင်ခဲ့ရာကနေ ဇူလိုင်လ ၇ ရက်နေ့မှာ ပိတ်ဆို့ဆန္ဒပြပွဲကို စတင်ခဲ့ကြပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုမှာ လူ ၁၂၀၀ ခန့်သေဆုံးပြီး ၂၅၀ ခန့် ဓါးစားခံအနေနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

အစ္စရေးဆန္ဒပြသူတွေဟာ လမ်းမကြီးတွေကို ပိတ်ဆို့ခဲ့ပြီး အစ္စရေးလွှတ်တော်အမတ်တွေရဲ့ နေအိမ်တွေအပြင်ဘက်မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။

Ref: ABC News

………………………………..

ရုရှားက ဒုံးကျည်ဖြင့် ဆက်တိုက်ပစ်ခတ်မှုကြောင့် ယူကရိန်းတွင် လူ ၃၆ ဦးထက်မနည်း သေဆုံး

ရုရှားက ဒုံးကျည်တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့လို့ ယူကရိန်းမှာ ဇူလိုင်လ ၈ ရက်နေ့က လူ ၃၆ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၁၂၅ ဦးကျော် ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

ဒါကြောင့် ယူကရိန်းက ဝမ်းနည်းဖွယ်ရာနေ့အဖြစ် ဇူလိုင်လ ၉ ရက်နေ့မှာ ကြေညာခဲ့တာပါ။

နေ့ဘက်အချိန် ရုရှားက ဒုံးကျည်တွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ Kyivမြို့တော်က အကြီးဆုံးကလေးဆေးရုံတစ်ရုံလည်း ထိမှန်ခဲ့ပါတယ်။

အကြမ်းဖက် ရုရှားအနေနဲ့ ဒီကိစ္စကို တာဝန်ယူရလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ရုရှားရဲ့ တိုက်ခိုက်မှုဟာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်လို့ ပြောပြီး ယူကရိန်းအတွက် အထောက်အပံ့တွေ ဆက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

………………………………..

အိန္ဒိယတွင် ခရီးသည်ဘတ်စ်ကားနှင့် ကုန်တင်ကားတိုက်မိပြီး လူ ၁၈ ဦး သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ခရီးသည်တင် ၂ ထပ် ဘတ်စ်ကားကြီးက နွားနို့တင်လာတဲ့ကုန်တင်ကားကို တိုက်မိတာကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။

ဥတာပရာဒတ်ရှ် ပြည်နယ်ရဲ့ အဝေးပြေးအမြန်လမ်းမှာ ယာဉ်တိုက်မှု ဖြစ်တာပါ။

ကားတိုက်မှုကြောင့် လူ ၁၉ ဦးလည်း ထိခိုက်ဒဏ်ရာရလို့ ဆေးရုံကို ပို့ဆောင်ထားရပါတယ်။

ဘတ်စ်ကားကြီးက အရှိန်ပြင်းပြင်းနဲ့မောင်းလာပြီး ကုန်တင်ကားကို အနောက်ကနေ ဝင်တိုက်မိတဲ့အတွက်ကြောင့် နှစ်စီးလုံး မှောက်သွားတာဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ဆမ်ဆောင်းကုမ္ပဏီဝန်ထမ်းများ လုပ်အားခတိုးပေးရေး ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ Samsung အီလက်ထရောနစ် လျှပ်စစ်ပစ္စည်းကုမ္ပဏီက ဝန်ထမ်းတွေ လုပ်အားခတိုးပေးရေအတွက် အလုပ်ကနေ ခေတ္တရပ်နားပြီး သပိတ်မှောက် ဆန္ဒပြနေကြပါတယ်။

အဖွဲ့ဝင် ၆၀၀၀ ခန့်ပါဝင်တဲ့ Samsung အလုပ်သမားသမဂ္ဂကို ဇူလိုင်လ ၈ ရက်နေ့မှစဖွဲ့ပြီး ဆန္ဒပြခဲ့ကြပါ။

ဆမ်ဆောင်အကြီးအကဲတွေက ညှိနှိုင်းမှုလုပ်ဖို့ မလိုလားသေးလို့ ဆန္ဒပြမှုတွေ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အလုပ်သမားတွေဘက်က လုပ်အားခ ၃ ဒဿမ ၅ ရာခိုင်နှုန်း တိုးပေးဖို့နဲ့ အားလပ်ရက် တစ်ရက် တိုးပေးဖို့ တောင်းဆိုထားပါတယ်။

Ref: DW

………………………………..

ဟာမတ်စ်ဆုံးဖြတ်ချက်ကို လက်ခံမယ်ဟု ဟက်ဇ်ဘိုလာအကြီးအကဲပြော

ဂါဇာစစ်ပွဲနဲ့ ပက်သက်လို့ ဟာမတ်စ်ရဲ့ ဆုံးဖြတ်ချက်တိုင်းကို ထောက်ခံမယ်လို့ ဟက်ဇ်ဘိုလာခေါင်းဆောင်က ဇူလိုင်လ ၁၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ဟာမတ်စ်ကျေနပ်တာ ကျနော်တို့ အားလုံးကျေနပ်ပါတယ်လို့ ပြောကြားခဲ့တာပါ။

ဂါဇာမှာတိုက်တာတွေ ရပ်သွားတဲ့အချိန် အပစ်ရပ်စဲ သွားတဲ့အချိန် လက်ဘနွန်တောင်ပိုင်းက ပစ်တာတွေ ရပ်မယ်လို့ သူက ဆိုပါတယ်။

လက်ဘနွန်က တိုက်ခိုက်တာတွေ မရပ်ရင် စစ်ဆင်ရေးအကြီးစားဆင်နွှဲမယ်လို့လည်း အစ္စရေးက ပြောဆိုထားပါတယ်။

Ref: Xihhua

………………………………..

နယ်သာလန်နဲ့ ဒိန်းမတ်က F16 တိုက်လေယာဉ်တွေ ယူကရိန်းဆီပေးပို့မယ်

နယ်သာလန်နဲ့ ဒိန်းမတ်အစိုးရတွေက အမေရိကန် F-16 တိုက်လေယာဥ်တွေကို အမေရိကန်ထောက်ခံပံ့ပိုးမှုနဲ့အတူ ယူကရိန်းကိုပေးဖို့ ဆောင်ရွက်နေပြီလို့ ဇူလိုင်လ ၁၀ ရက်နေ့က ကြေညာလိုက်ပါတယ်။

F 16 တိုက်လေယာဥ်တွေကို ယူကရိန်းဆီလွှဲပြောင်းပေးဖို့ အခု ဆောင်ရွက်နေပြီ လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ပြောကြားခဲ့တာပါ။

ဒီနွေမှာပဲ ယူကရိန်းတပ်ဖွဲ့တွေက ဒီလေယာဥ်တွေကို စတင် အသုံးပြုနိုင်မယ်လို့ ပြောကြားထားပါတယ်။

ယူကရိန်းကို လေယာဥ်တွေပို့ဖို့ ဘယ်လ်ဂျီယံနဲ့ နော်ဝေးနိုင်ငံတို့ကလည်း ကတိကဝတ် ပြုထားကြပါသေးတယ်။

Ref: Breaking Defence

………………………………..

ဗြိတိန်ဝန်ကြီးချုပ်သစ်နဲ့ ယူကရိန်းသမ္မတတို့ တွေ့ဆုံ

ဗြိတိန်ဝန်ကြီးချုပ်သစ် ကီးယား စတားမားနဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ဟာ ဇူလိုင်လ ၁၀ ရက်နေ့က သီးခြားတွေ့ဆုံခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာကျင်းပနေတဲ့ မြောက်အတ္တလန်တိတ် စစ်ရေးစာချုပ်အဖွဲ့ နေတိုးရဲ့ ထိပ်သီးအစည်းအဝေးမှာ တွေ့ဆုံခဲ့ကြတာပါ။

အစိုးရပြောင်းသွားပေမဲ့ ယူကရိန်းကိုပေးနေတဲ့ထောက်ခံပံ့ပိုးမှု အပြောင်းအလဲမရှိဘူးလို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

နေတိုး ထိပ်သီးအစည်းအဝေးမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကို ပြန်စနေကြပြီဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ဆိုပါတယ်။

Ref: BBC

………………………………..

ယူကရိန်းစစ်ပွဲတွင် နေတိုးက ရှေ့တိုးလာနေတယ်လို့ ရုရှားစွပ်စွဲ

ယူကရိန်းစစ်ပွဲမှာ နေတိုးအဖွဲ့က တဖြေးဖြေး ရှေ့တိုးလာနေတယ်လို့ ရုရှားက ပြောကြားလိုက်ပါတယ်။

နေတိုးအဖွဲ့ရဲ့ စစ်တပ်တွေက ရုရှားနယ်စပ်နား ပိုပိုရောက်လာနေတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် နေတိုးအဖွဲ့ရဲ့ ခြိမ်းခြောက်မှု အန္တရာယ်မျိုးစုံကို ထိန်းချုပ်နိုင်ရေး တုန့်ပြန်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ရုရှားအစိုးရ ပြောခွင့်ရသူက ပြောကြားခဲ့ပါတယ်။

ရုရှားကျုးကျော်စစ်ကို ပိုတွန်းလှန်နိုင်ဖို့ အနောက်နိုင်ငံတွေထောက်ပံ့တဲ့ လက်နက်တွေကို ပိုကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်ဖို့ လိုအပ်တယ်လို့ ယူကရိန်းသမ္မတက ဆိုထားပါတယ်။

Ref: Aljazeera

………………………………..