BREAKING
December 29, 2024

ထားဝယ်တွင် ပုဂ္ဂလိကဘဏ်များ ငွေသားအကန့်အသတ်ဖြင့်သာထုတ်ပေးသဖြင့် ပြည်သူများအခက်တွေ့

July 12, 2024

ထားဝယ်မြို့တွင် ပုဂ္ဂလိကဘဏ်များ ငွေသားကို အကန့်အသတ်ဖြင့်သာထုတ်ပေးနေသဖြင့် အခက်အခဲဖြစ်နေရကြောင်း ငွေထုတ်ယူခဲ့သည့် ပြည်သူအချို့က ပြောသည်။

ပုဂ္ဂလိကဘဏ်အချို့မှာ ကျပ်သိန်း ဆယ်ဂဏန်းမျှကိုပင် ထုတ်ပေးနိုင်ခြင်းမရှိကြောင်း ၎င်းတို့က ဆိုသည်။

“ရန်ကုန်က‌နေပြီး ပိုက်ဆံသိန်း ၂၀ (ကျပ်) ကို ထားဝယ်လွှဲတာ လက်မခံလို့ ၁၀ သိန်း (ကျပ်) ပဲ လွှဲလိုက်ရတယ်” ဟု ဇူလိုင်လ ၁၀ ရက်က ငွေလွှဲခဲ့သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

စပါယ်ရှယ်ငွေစုစာအုပ်မှလည်း လိုသလောက်ထုတ်ယူ၍မရဘဲဖြစ်နေကြောင်း ထားဝယ်ဒေသခံအခြားတစ်ဦးက ပြောသည်။

စပါရှယ်ငွေစုစာအုပ်ဆိုသည်မှာ အာဏာသိမ်းပြီးနောက်ပေါ်လာသည့် ငွေစုစာအုပ်အမျိုးအစားဖြစ်ပြီး ၎င်းစာအုပ်ထဲ ငွေသား ထည့်ဝင်စုဆောင်းထားပါက အချိန်မရွေးအကန့်အသတ်မရှိ ငွေသားထုတ်ယူနိုင်သည့် အကောင့်အမျိုးအစား ဖြစ်သည်။

“အခုက စပါယ်ရှယ်လည်း မရ‌တော့ဘူး။ ပိုက်ဆံထုတ်ချင်ရင် ဘဏ်ကိုလာပြီး ညှိုနှိုင်းဖို့ပဲခေါ်တယ်” ဟု ‌ထားဝယ်ကမ္ဘောဇ ဘဏ်ခွဲတွင် ငွေစုထားသူတစ်ဦးက ဆိုသည်။

အကောင့်ထဲရှိ ငွေများကို လိုသ‌လောက်ထုတ်ယူမရဘဲ လက်ကျန်ငွေပမာဏအပေါ်မူတည်ပြီးထုတ်ပေးကြောင်း ၎င်းက ပြောဆိုသည်။

အချို့ကမူ ကျပ်သိန်း ၁၀၀ အထိ ထုတ်ယူရရှိနေကြောင်း ပြောဆိုသူများလည်းရှိသည်။

ဘဏ်တစ်ခုနှင့် တစ်ခု ငွေထုတ်ပေးသည့်ပုံစံမတူညီကြဘဲ ဘဏ်ထဲရှိလက်ကျန်ငွေ အနည်းအများပေါ်မူတည်ပြီး ငွေထုတ်ပေးသည့်ပမာဏလည်း ကွာခြားသွားသည့် အနေအထားဖြစ်နေသည်။

သို့သော် ယင်းကဲ့သို့ ကျပ်သိန်းရာချီထုတ်ယူနိုင်သူမှာ အနည်းစုသာဖြစ်ပြီး အများစုမှာ ဆယ်ဂဏန်းပင် ထုတ်၍မရကြကြောင်း ပြောဆိုကြသည်။

ပုဂ္ဂလိက ဘဏ်များထံမှ ငွေထုတ်ယူရခက်ခဲနေသည်မှာ ထားဝယ်မြို့တစ်ခုတည်းမဟုတ်ဘဲ ရန်ကုန်နှင့် အခြားမြို့များတွင်လည်း ကြုံနေရသည်။

ဘဏ်တွင် ငွေထုတ်ယူသူများပြားသဖြင့် ဘဏ်လက်ကျန်ငွေနည်းပါးနေခြင်း၊ တိုင်းနှင့် ပြည်နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ငွေကြေးလည်ပတ်စီးဆင်းရန် အခက်အခဲဖြစ်နေခြင်းကြောင့် ငွေထုတ်ယူရ ခက်ခဲနေခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ဘဏ်ဝန်ထမ်းတစ်ဦးက Dawei Watch ကို ယခုနှစ်ဆန်းပိုင်းက ပြောဆိုခဲ့ဖူးသည်။

BBC သတင်းတစ်ရပ်တွင်မူ ယခုကဲ့သို့ ငွေသားထုတ်ပေးမှု အကန့်အသတ်ဖြစ်လာသည်မှာ စစ်ကောင်စီဗဟိုဘဏ်က ဒစ်ဂျစ်တယ်‌ငွေပေးချေစနစ် ပိုတွင်ကျယ်လာစေရန်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်ပြော၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။

အိမ်ရာချေးငွေများ သတ်မှတ်ပမာဏထက်ကျော်လွန် ထုတ်ချေးထားသည်ဟု စွပ်စွဲချက်ဖြင့် ပြည်တွင်းဘဏ် ၇ ခုကို အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာပြီးနောက် ငွေထုတ်ယူသူများ များပြားလာ‌ခဲ့ကြောင်းလည်း ထိုသတင်းတွင် ဖော်ပြထားသည်။

ထားဝယ်မြို့တွင်မူ ယခုအချိန်သည် ဝါဆိုသင်္ကန်လှူဒါန်းသည့်အချိန်ဖြစ်‌သောကြောင့် ထိုင်း၊ မလေးရှားနိုင်ငံတို့တွင် အလုပ် လုပ်ကိုင်နေသူတို့က ငွေပို့ပေးနေသည့်အချိန် ငွေထုတ်ယူရခက်ခဲသည်နှင့် ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“အခုပုံစံမျိုးဆို သင်္ကန်းကပ်ရ‌မှာတောင် မဟုတ်ဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အွန်လိုင်းဈေးရောင်းချသူတို့မှာလည်း ရရန်ရှိသည့်ငွေကို ဘဏ်မှတစ်ဆင့်လွှဲပါက ထုတ်ယူရ ကြန့်ကြာနေသဖြင့် ငွေသားရရှိရန် အပြင်ဈေးကွက်တွင် ရှာဖွေနေကြရကြောင်း ပြောဆိုသည်။

ထို့အပြင် မည်သည့်ပမာဏအထိ ငွေထုတ်ပေးနိုင်ကြောင်း ဘဏ်ကို ဦးစွာမေးမြန်းစုံစမ်းပြီးမှ ငွေလွှဲခိုင်းနေရသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း အွန်လိုင်းဈေးရောင်းချသူတစ်ဦးက ဆိုသည်။

“ကိုယ်ဆီလွှဲမှာက (ကျပ်သိန်း) တစ်ရာ၊ တစ်ရာ့ငါးဆယ်ဆိုရင် ဘဏ်ကထုတ်ပေးတာက (ကျပ်သိန်း) ငါးဆယ်၊ ခြောက်ဆယ် ပဲ။ ထုတ်မရတဲ့ ပိုက်ဆံက ညီမတို့ထဲကပဲ စိုက်ပေးနေရတယ်” ဟု အွန်လိုင်းဈေးရောင်းနေသူ မြို့ခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်တွင် လိုသလောက် ငွေထုတ်၍မရသည့်ပြဿနာ မကြာခဏဖြစ်ပွားလျက်ရှိသည်။