BREAKING
December 29, 2024

သရက်ချောင်းတွင် စစ်ကောင်စီစစ်ကြောင်း ဒေသခံလေးဦးကို ဖမ်းဆီးခေါ်ဆောင်

July 12, 2024

သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းရွာဘက်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဆင်ကျန်းရွာက အသက် ၁၂ နှစ် အရွယ် ကလေးတစ်ဦး အပါအဝင် ဒေသခံလေးဦးကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။

အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဇူလိုင်လ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် သရက်ချောင်းမြို့နှင့် ကပ်လျက် ထားဝယ်-မြိတ်သွား ကားလမ်းဘေးက ဆင်ကူးရွာကို ရောက်ရှိလာပြီး ယနေ့ ဇူလိုင်လ ၁၂ ရက်နံနက်တွင် ချောက်ချောင်းရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လ ၁၁ ရက် ညပိုင်းတွင် ဆင်ကူးနှင့် ဘုတ်ကိုင်းရွာဘုန်းကြီးကျောင်းတို့တွင် နှစ်ဖွဲ့ခွဲ စခန်းချခဲ့ပြီး ယနေ့ နံနက် ၆နာရီခန့်တွင် အင်အား ၁၀၀ ခန့်မှာ ချောက်ချောင်းရွာဘက်ကို စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်း ဆင်ကျန်းရွာက အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ဘုတ်ကိုင်းရွာက တစ်ယောက်ကို လမ်းပြပုံစံမျိုးခေါ်ချလာတယ်။ သူတို့လာတာ ကားလမ်းအတိုင်းမလာဘူး။ တောလမ်းကနေ လာတယ်။ အဲဒီမှာ ဥယျာဉ်ခြံထဲမှာတွေ့တဲ့ ဆင်ကျန်းရွာသား သုံးယောက်ကို ထပ်ပြီးခေါ်ဆောင်သွားတယ်။ အဲဒီထဲမှာ ကလေးတစ်ယောက်က အသက် ၁၂ နှစ်ပဲရှိသေးတယ်” ဟု ၎င်းက ပြောသည်။

ဆင်ကူးရွာတွင် စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်ကျန်ခဲ့ပြီး ချောက်ချောင်းရွာဘက်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုလာတာလည်း ဝင်းဝစခန်းကအဖွဲ့နဲ့ တပ်ချိန်းဖို့ လာတာလို့လည်း ပြောသံကြားတယ်။ နောက်ပြီး သဲချောင်းကြီးစခန်းကို ပြန်ထိုင်မယ်လို့လည်း ကြားတယ်၊ ဟုတ်မဟုတ်တော့ မသိဘူး။ လောလောဆယ်တော့ ချောက်ချောင်းဘုန်းကြီးကျောင်း ဘက်ကို ရောက်နေတယ်လို့သတင်းရတယ်” ဟု စုံစင်ဖျားရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဆင်ကူးရွာအပါအဝင် ကျေးရွာ ငါးရွာခန့်က ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြသည်။