BREAKING
October 18, 2024

ထိုင်းတောင်ပိုင်းတွင် တရားမဝင် ဝင်လာသည့် မြန်မာတစ်ရာကျော်ဖမ်းဆီးခံရ

July 12, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ကုန်တင်ကားဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၁၁ ဦး ယနေ့ ဇူလိုင်လ ၁၂ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကားအနောက်ပိုင်းကို တာလပတ်များဖြင့် ဖုံးထားသော ၆ ဘီးတပ် ကုန်တင်ကားတစ်စီးကို စူရတ်ဌာနီခရိုင် ချိုင်းရဒေသရှိ အမှတ် ၄၁ အမြန်လမ်းမကြီးပေါ်တွင် ထိုင်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

တာလပတ်ဖြစ် တင်းတင်းကျပ်ကျပ် ဖုံးအုပ်ထားသည့် ကုန်တင်ကားအနောက်ပိုင်းတွင် မြန်မာအမျိုးသား ၈၉ ဦးနှင့် အမျိုးသမီး ၂၂ ဦး လိုက်ပါလာကြကြောင်း သတင်းများတွင် ဖော်ပြသည်။

ထို့ကြောင့် ထိုင်းကားသမားနှစ်ဦးနှင့်အတူ မြန်မာနိုင်ငံသားများကို ချိုင်းရရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများတွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်နေပြီး အများစုသည် လူငယ်များဖြစ်ကြကြောင်း ဆိုသည်။

အားလုံးသည် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြပြီး အချို့တွင် နိုင်ငံကူးလက်မှတ်များ ပါခဲ့သော်လည်း အဝင်တုံးများ မတွေ့ရကြောင်း သတင်းများတွင် ရေးသားထားသည်။

ကားသမားကလည်း မြန်မာနိုင်ငံသားများကို ရတ်ချ်ဘူရီခရိုင်မှတစ်ဆင့် ဟတ်ယိုင်သို့ ပို့ဆောင်ပေးရန် ဘတ် ၅၀၀၀၀ ဖြင့် ငှားရမ်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံထားသည်။

ကားသမားများကို စစ်ဆေးမေးမြန်းစဉ် ကားသမားတစ်ဦးမှာ ရှော့ခ်ဖြစ်ကာ သတိလစ်သွားသဖြင့် ရဲတပ်ဖွဲ့က အသက်ကယ်နည်း CPR ပြုလုပ်၍ ကယ်တင်ခဲ့ပြီး ဆေးရုံတင်ပို့ခဲ့ရကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အရေးယူထားပြီး ထိုင်းကားသမားများကို တရားမဝင် နိုင်ငံခြားသားများကို ပို့ဆောင်မှုဖြင့် အမှုဖွင့်ထားကြောင်း ဖော်ပြထားသည်။

Ref: Khaosod English, Siamrath, MGR Online, Matichon Online