BREAKING
December 29, 2024

ရေဖြူမြို့အဝင်တွင် ကားတစ်စီးပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သားသေဆုံးဟုဆို

July 12, 2024

ပုံစာ - ကားပေါ်မှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - YPPDF

ကလိန်အောင်မြို့ဘက်မှ ရေဖြူမြို့အဝင် ဆိုင်းဘုတ်အနီးတွင် စစ်ကောင်စီတပ်သား မောင်းနှင်လာသည့် ဟိုက်ဂျက်အမျိုးအစားကားကိုပစ်ခတ်ခဲ့ပြီး ယင်းတပ်သား သေဆုံးသွားကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ကားပေါ်တွင်ပါလာသည့် MA3 သေနတ်တစ်လက်၊ ကျည်ဘောက်၄ခု ၊ ကျည် ၁၅၀တောင့်နှင့် လက်ကိုင်ဖုန်းတစ်လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းယာဥ်သည် ထားဝယ်မြို့ဘက်မှ ကလိန်အောင်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ပြီး ဇူလိုင်လ ၁၁ ရက် ညနေ ၃ နာရီ ခန့်ကပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရသည့် ခရီးသွားအမျိုးသမီးတစ်ဦးကပြောသည်။

“ကားက ဟိုက်ဂျက်ကား ။ ပစ်ခံထားရတာကတော့ ခေါင်းခန်းတစ်ခုလုံးပဲ။ စစ်သားတွေရောက်လာပြီး အဲဒီကားကို အခြားကားတစ်စီးနဲ့ဆွဲဖို့ပြင်နေကြတယ်။ ဘေးမှာ လူနာတင်ယာဥ်တစ်စီးလည်း ရှိနေတယ်” ဟု ၎င်းကပြောပြသည်။

ဖြစ်စဥ်ဖြစ်ပြီးနောက် မြို့အဝင်ဆိုင်းဘုတ်အနီးတွင် ယင်းနေ့ညနေ ၆ နာရီဝန်းကျင်အထိ လမ်းပိုင်းအသုံးပြုသည့်ယာဥ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကစစ်ဆေးခဲ့ပြီး ရေဖြူတပ်နယ်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်းများရှေ့တွင်လည်း တပ်သားများနေရာယူထားကြောင်း ကားသမားများထံက သိရသည်။

ယင်းပစ်ခတ်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ် (တပ်ခွဲ ၁) ကပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဇူလိုင်လ ၈ ရက်ကလည်း မောင်မယ်ရှောင်ရွာနှင့်ဇဟာရွာကြားတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် Vigo အမျိုးအစားကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ယင်းတပ်ဖွဲ့နှစ်ခုက သတင်းထုတ်ပြန်ထားသည်။