စင်္ကာပူအခြေစိုက် ဘဏ်တစ်ခု ဖြစ်သည့် United Overseas Bank (UOB) သည် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (Myanmar Airways International – MAI) နှင့် သက်ဆိုင်သည့် ဘဏ်အကောင့်များအားလုံးကို သြဂုတ် ၁၅ ရက်နောက်ဆုံးထားပြီး ပိတ်သိမ်းသွားမည် ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။
MAI လေကြောင်းလိုင်း ဘက်မှ ပေါက်ကြားသည်ဟု ယူဆရသည့် စာရွက်စာတမ်းများအရ ၎င်းတို့၏ ဘဏ်စာရင်းများကို ပိတ်ခြင်းမပြုရန် MAI ၏ တောင်းဆိုမှုကို UOB ဘဏ်ဘက်က ပြန်လည်ငြင်းဆိုထားသည့် စာတစ်စောင် ကို တွေ့ရှိရကြောင်း Thai PBS World သတင်းဌာန က ဖော်ပြထားသည်။
UOB ဘဏ် အနေနှင့် MAI လေကြောင်းလိုင်းပိုင် ဘဏ်အကောင့် ၅ ခုစလုံးကို ပိတ်လိုက်မည် ဖြစ်ပြီး ကျန်ရှိနေသေးသည့် လက်ကျန်ငွေလွှဲခြင်းကဲ့သို့သော လုပ်ငန်းစဉ်များကိုလည်း အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။
UOB ဘဏ်၏ ယခုလို လုပ်ဆောင်ချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် MAI လေကြောင်းလိုင်း သည် ယခုအခါ စင်ကာပူ၏ အခြားသော ဘဏ်တစ်ခု ဖြစ်သည့် DBS အပြင် ထိုင်းနိုင်ငံ၏ ကာဆီကွန်ဘဏ် နှင့် ယူအေအီး ရှိ Emirates NBD စသည့် နိုင်ငံခြားဘဏ်များတွင် အကောင့်ဖွင့်ရန် ကြိုးစားနေကြောင်း Thai PBS World သတင်းဌာန က ဖော်ပြထားသည်။
အဆိုပါ ဘဏ်အကောင့်များ ပိတ်သိမ်းရခြင်းအကြောင်းအရင်းကို ယခုအချိန်အထိ မည်သည့်ဘက်ကမှ တရားဝင်ထုတ်ပြန်မှု တစ်စုံတရာ မရှိသေးပေ။
ယခုအခြေအနေကို နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) အပြင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့အပေါ် မကြာသေးမီက အမေရိကန် ဘဏ္ဍာရေးဌာနအနေနှင့် ချမှတ်ခဲ့သော ပိတ်ဆို့အရေးယူမှုများ၏ နောက်ဆက်တွဲ အကျိုးဆက် ဖြစ်သည်ဟု လူအများက ယုံကြည်ကြသည်။ ဤသို့ ပိတ်ဆို့အရေးယူခံရသော ဘဏ် (၂)ခု သည် မြန်မာနိုင်ငံ၏ နိုင်ငံခြား ငွေပေးချေမှုဆိုင်ရာ အဓိက လမ်းကြောင်းများ ဖြစ်သည်။

မြန်မာနိုင်ငံတွင်းရှိ အခြားသော ကုမ္ပဏီကြီးများကဲ့သို့ပင် MAI လေကြောင်းလိုင်းသည် မြန်မာစစ်တပ်ပိုင်းမှ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ထိပ်တန်းအရာရှိများအပြင် အနားယူသွားသော အရာရှိဟောင်းများနှင့်ပါ အနီးကပ် ဆက်ဆံရေးရှိကြောင်း လူသိများသည်။
MAI လေကြောင်းလိုင်းကို 24 Hour ကုမ္ပဏီအုပ်စု က ပိုင်ဆိုင်ပြီး ၎င်းအုပ်စု အနေနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်း လေကြောင်းလိုင်း တစ်ခု ဖြစ်သည့် Air KBZ ကို လည်း ပိုင်ဆိုင်ထားသည်။
Justice for Myanmar ကဲ့သို့သော အဖွဲ့များက အဆိုပါအုပ်စုကို မြန်မာ တပ်မတော် အရာရှိများ၏ အရေးပါသော လက်သုံးတော်အဖြစ် ခေါ်ဝေါ်ကြသည်။
MAI လေကြောင်းလိုင်း သည် ငွေကြေးခဝါချမှု နှင့် ပတ်သက်ပြီး စွပ်စွဲခံထားရသလို ၎င်းကို ပိုင်သည့် 24 Hour ကုမ္ပဏီ အုပ်စု ကလည်း ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာများထံမှ လယ်မြေများ သိမ်းယူကာ ထုံးကျောက်နှင့် ကျောက်မီးသွေး အကြီးစား တူးဖော်ခြင်းကဲ့သို့သော တရားမဝင် လုပ်ရပ်များ လုပ်ဆောင်နေကြောင်း စွပ်စွဲပြောဆိုမှုများ ကြုံတွေ့နေရသည်။
Reference