မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးရွာတွင် စိတ်ကြွဆေး ဖြန့်ဖြူးရောင်းချနေသူကို ပြည်သူ့ကာကွယ်ရေးတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။
လက္ကူးရွာနေ စိတ်ကြွဆေး ဖြန့်ဖြူးရောင်းချနေသည့် ညီအကိုနှစ်ဦး၏ နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဇူလိုင် ၁၀ ရက်ညတွင် လာရောက်ဖမ်းဆီးခဲ့ရာ စိတ်ကြွဆေး(မြင်းဆေး) အမြောက်အများနှင့် ငွေကျပ်သိန်းလေးရာနီးပါးကို သိမ်းဆည်းရမိသည်ဟု ဒေသခံများ ကပြောသည်။
ယင်းသို့ဖမ်းဆီးရာတွင် အကိုဖြစ်သူကိုဖမ်းမိခဲ့သော်လည်း ညီဖြစ်သူ ကိုသိန်းကြီး ဆိုသူမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဒေသခံများ ကပြောသည်။
“သူတို့က ပင်လယ်ငါးဖမ်းလှေတွေကို အကြီးအကျယ် ဖြန့်ဖြူးနေတဲ့သူတွေပါ။ (စိတ်ကြွဆေး)အလုံးအရေအတွက်တော့ တိကျမသိဘူး။ဆေးတန်ဖိုးက သိန်းတစ်ထောင်နီးပါးလောက် ရှိတယ်လို့ပြောတယ်။ ကြေးပြား(ပိုက်ဆံ)က သိန်းလေးရာနီးပါး အသိမ်းခံရတယ်လို့သိရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး အချက်အလက်များကိုတော့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်က လတ်တလော သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
လက္ကူးရွာတွင် မူးယစ်ဆေးရောင်းချနေမှုကို ပြည်သူ့ကာကွယ်ရေးတပ်က ယခင်ကလည်း ဖမ်းဆီးခဲ့ဖူးသလို အကြိမ်ကြိမ်သတိပေးခြင်းများလည်း ပြုလုပ်ခဲ့သည်။