ထားဝယ်မြို့ကမ်းနားဈေးတွင် နေ့စဉ် နံနက် ၄ နာရီနောက်ပိုင်း အလုအယက်ဈေးဝယ်သူများဖြင့် တိုးကြိတ်နေလေ့ရှိသည်။
ကမ်းနားဈေးတွင်ဝယ်ပြီး နယ်ကျေးရွာများသို့ တစ်ဆင့်ပြန်လည်ရောင်းချကြမည့် သုံးဘီး၊ ဆိုင်ကယ်၊ ကား စသည့် ရွေ့လျားဈေးသည်များက အလုအယက်တိုးဝှေ့ဝယ်ယူနေကြရခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့အဝင်အထွက်ဂိတ်လေးခုစလုံးကို စစ်ကောင်စီက စစ်ဆေးရေးဂိတ်ဖွင့်ပြီး တင်းကျပ်လိုက်သည်။
မြို့အဝင်စစ်ဆေးရေးဂိတ်များကို နေ့စဉ် နံနက် ၄နာရီအချိန်မှ တစ်ပြိုင်တည်းဖွင့်ပေးပြီး ဖြတ်သန်းသွားလာခွင့် ပြုသည်။
နယ်မှတက်လာသည့် ဈေးသည်များမှ မနက် ၃ နာရီဝန်းကျင်ကတည်းက စစ်ဆေးရေးဂိတ်များတွင် စုပြုံပြီး ဂိတ်ဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေကြရသည်။
ဂိတ်ဖွင့်သည်နှင့် တစ်ပြိုင်နက် သူ့ထက်ငါအရင် အလုအယက်ဂိတ်ကိုဖြတ်ပြီး ကမ်းနားဈေးတွင် ဈေးသွားဝယ်ကြရသည်။
ဈေးဝယ်နောက်ကျပါက နယ်ကျေးရွာများသို့ အရောက်နောက်ကျပြီး သား၊ ငါးများ ပုပ်သိုးသွားနိုင်ခြင်း၊ ဟင်းသီးဟင်းရွက်များ ညှိုးနွမ်းသွားခြင်းတို့ကြောင့် သတ်မှတ်ဈေးမရတော့ဘဲ အရင်းအနှီး ဆုံးနိုင်သဖြင့် အလုအယက် ဈေးဝယ်နေရခြင်းဖြစ်ကြောင်း ဈေးသည်အချို့က ဆိုသည်။
ယင်းအပြင် အလုအယက်ဝယ်ယူရသဖြင့် ဈေးမဆစ်နိုင်သည့်အပြင် လိုချင်သည့်အသားငါးများကိုလည်း ရွေးချယ်ဝယ်ယူခွင့်နည်းပါးကြောင်း ပြောဆိုကြသည်။
ညမထွက်ရအမိန့် ကန့်သတ်ချက်ကြားတွင် မြို့ပေါ်သို့ဈေးလာဝယ်နေရသဖြင့် စိုးရိမ်စိတ်လည်းရှိကြောင်း ပြောဆိုကြသည်။
အာဏာမသိမ်းခင်ကမူ ညမထွက်ရ သန့်သတ်ချက်လည်းမရှိသည့်အပြင် မြို့အဝင်စစ်ဆေးရေးဂိတ်လည်း မရှိသဖြင့် မည်သည့်အချိန်မဆို လွတ်လွတ်လပ်လပ် ဈေးဝယ်၊ ဈေးရောင်းနိုင်သည့်အခြေအနေတွင်ရှိသည်။
လက်ရှိကြုံတွေ့နေသည့်အခင်းအကျင်းမျိုး ကိုဗစ်ရောဂါစတင်ဖြစ်ပွားသည့် ၂၀၂၀ ခုနှစ်ကလည်း ဖြစ်ပွားခဲ့ဖူးသည်။
နောက်ပိုင်းတွင် မြို့အဝင်နှင့် ကမ်းနားဈေးတွင် လူစုလူဝေးနှင့် စုပြုံမနေစေရန် ဈေးသည်အချို့ကို ချွင်းချက်ထားပြီး မြို့အဝင်အထွက်ကန့်သတ်ချက်ကို ထိုအချိန်က တိုင်းအစိုးရက ဖြေလျှော့ပေးခဲ့ဖူးကြောင်း ဈေးသည်အချို့ကဆိုသည်။
ယင်းနောက်ပိုင်း အာဏာသိမ်းလိုက်သဖြင့် စုပြုံဈေးဝယ်သည့်ပုံစံတစ်ကျော့ပြန်ဖြစ်ပွားလာခဲ့သည်။
ယနေ့ဇူလိုင်လ ၁၂ ရက် မနက် ၅ နာရီမှ ၆ နာရီကြား ကမ်းနာဈေးတွင် ရွေ့လျားဈေးသည်များ ဈေးဝယ်နေသည့်နှင့် ကမ်းနားဈေးမြင်ကွင်းအချို့ကို Dawei Watch မှတ်တမ်းတင်ဖော်ပြပေးလိုက်ပါသည်။










