BREAKING
November 15, 2024

ရန်ကုန်-မော်လမြိုင်လမ်းတွင် မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

July 12, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မိုင်းပေါက်ကွဲပြီး ဘေးတွဲဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ၇ နာရီခွဲဝန်းကျင်က မိုင်းပေါက်ကွဲမှုဖြစ်ပွားစဉ် နောင်ကုလားကျေးရွာဘက်မှ သထုံမြို့ဘက်သို့ မောင်းနှင်လာသည့် ဘေးတွဲဆိုင်ကယ်တစ်စီးအား ထိမှန်သွားကြောင်း ၎င်းတို့က ပြောသည်။

မိုင်းထိမှန်မှုကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ နောင်ကုလားကျေးရွာသား အသက် ၄၅နှစ်အရွယ် ဦးအောင်မြင့်ကြည် (ခေါ်) ကိုမောင်စီးဆိုသူသည် ဝမ်းဗိုက်၊ ပေါင်နှင့် ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။

မိုင်းစထိမှန် ဒဏ်ရာရရှိသူကို လူမှုကယ်ဆယ်ရေးအဖွဲ့အကူအညီဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“ဒီလမ်းပိုင်းမှာ ပစ်ခတ်မှုတွေလည်း ခဏခဏဖြစ်နေတယ်။ ကားတွေ ဆိုင်ကယ်တွေ မိုင်းထိတဲ့ဖြစ်စဉ်ကလည်း ခပ်စိပ်စိပ်ပါပဲ။ လမ်းမကြီးဆိုတော့ ဒီလို အန္တရာယ်ရှိလည်း သွားလာနေရတာပဲ။ ဘယ်လိုလုပ်ရမှာလဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါမိုင်းကို မည်သူတို့က ထောင်ထားသည်ကို မသိရသေးပေ။

ရန်ကုန်-မော်လမြိုင်ကားလမ်းတစ်လျှောက် သထုံနှင့် ဘီးလင်းမြို့နယ်ကြားတွင် စစ်ကောင်စီယာဉ်တန်း ပစ်ခတ် တိုက်ခိုက် ခံရသည့်ဖြစ်စဉ်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ လူမှုကယ်ဆယ်ရေးယာဉ်များနှင့် ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်လည်း ဆက်တိုက်ရှိခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင်း အရပ်သား ထိခိုက်ခြင်း၊ သေဆုံးခြင်းများလည်း ရှိနေသည်ဟု ဒေသခံတို့က ပြောသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်း သထုံနှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတားကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တို့က ဇွန်လ ၂၉ ရက်နေ့က မိုင်းဖောက်ခွဲဖျက်ဆီးခဲ့သည်။