BREAKING
September 8, 2024

ဒေဝကို ကမ္ဘောဒီးယားတွင် လက်ဝှေ့ထိုးခွင့်ပိတ်ကြောင်း ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြောကြား

June 12, 2024

နာမည်ကျော် မြန်မာ့လက်ဝှေ့သမား ဒေ့ဗ်လက်ဒပ်(ခ)ဒေဝကို ကမ္ဘောဒီးယားနိုင်ငံ၌ ပြိုင်ပွဲထိုးခွင့် ပေးတော့မည် မဟုတ်ကြောင်း အသစ်ခန့်အပ်လိုက်သည့် ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ကော့ချဟေး က ပြောကြားလိုက်သည်။

ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ကော့ချဟေး က ယခုရာထူးတွင် သူ ရှိနေသည့် ကာလတစ်လျှောက် ဒေ့ဗ်လက်ဒပ်(ခ)ဒေဝ မှာ ကမ္ဘောဒီးယားနိုင်ငံတွင် ပြိုင်ပွဲထိုးမည့်အခွင့်အရေးကို မရရှိစေရဟုလည်း ထည့်သွင်းအသိပေးသွားခဲ့သေးသည်။

ဒေ့ဗ်လက်ဒပ်(ခ)ဒေဝ က “ခင်ဗျားတို့ ကျွန်တော်ကို ထပ်ပြီး ထိုးသတ်စေချင်တယ်ဆိုရင် ကျွန်တော် ဒေါ်လာ ၁ သန်း လိုအပ်ပါတယ်။ ကျွန်တော် မွေထိုင်းဖိုက်တာတွေကို အလဲထိုးမှာပါ။ ဘာလို့လဲဆိုတော့ မွေထိုင်းဆိုတာ ခမာသိုင်းပညာရပ်ကို ကော်ပီယူထားတာလို့ ထင်ပါတယ်။ ကျွန်တော်ထပ်ပြီးတော့ မွေထိုင်းဖိုက်တာတွေကို ထိုးသတ်ချင်ပါတယ်” ဟု ရေးသားကာ လူမှုကွန်ရက်စာမျက်နှာထက် တင်လိုက်သည့် Post ကို မြင်တွေ့ရအပြီးတွင် ခမာလက်ဝှေ့အဖွဲ့ချုပ် အမှုဆောင်ကော်မတီရာထူးမှနေ၍ ဥက္ကဋ္ဌရာထူးသို့ ရွေးချယ်တင်မြှောက်ခံလိုက်ရသည့် ဒုတိယဗိုလ်ချုပ်ကြီး ကော့ချဟေး က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ဒေ့ဗ်လက်ဒပ်(ခ)ဒေဝ ဘက်က ယခုကဲ့သို့ ရေးသားလိုက်သည်ကို ၎င်းအနေနှင့် မထောက်ခံကြောင်း၊ ကမ္ဘောဒီးယားတွင် ထိုးရန်အတွက် များပြားသည့်ငွေပမာဏကို ဒေ့ဗ်လက်ဒပ်(ခ)ဒေဝ ဘက်က တောင်းဆိုလာခြင်းသည် ခမာလက်ဝှေ့ကို မြှင့်တင်ချင်သည်ထက် ကိုယ်ကျိုးစီးပွားရှာရန် တစ်ကိုယ်ကောင်းဆန်စွာ လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ကော့ချဟေး က မှတ်ချက်ပေးထားသည်။

ဒေ့ဗ်လက်ဒပ်(ခ)ဒေဝ သည် ကမ္ဘောဒီယားလက်ဝှေ့အကျော်အမော် ပရွန် ဆမ်နမ်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် လက်အိတ်နှင့် ယှဉ်ပြိုင်ရန် သဘောတူညီထားခဲ့သော်လည်း ပြိုင်ပွဲစတင်ရန် မိနစ်ပိုင်းအလိုသို့အရောက်မှ လက်ပတ်စည်းနှင့် ယှဉ်ပြိုင်ရန် တောင်းဆိုခဲ့သည့်အတွက် ပွဲကို တစ်နာရီနီးပါးခန့် နောက်ဆုတ်ရွှေ့ဆိုင်းကာ ထိုးစေခဲ့ရသည့်အဖြစ်အပျက်လည်း ရှိခဲ့ဖူးသည်။

ဒေ့ဗ်လက်ဒပ်(ခ)ဒေဝ သည် လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကာ ဖနွမ်းပင်မြို့ ၌ DAV House အမည်ဖြင့် ကော်ဖီဆိုင် ဖွင့်လှစ်ထားပြီး ၎င်းက ခမာလက်ဝှေ့အဖွဲ့ချုပ်သည် ပရော်ဖက်ရှင်နယ် မဆန်ကြောင်း၊ ဥက္ကဋ္ဌဟောင်း မွန်းနှင့် နှိုင်းယှဉ်ပါက လေးစားမှုအပိုင်းဆိုင်ရာ လွန်စွာ အားနည်းလွန်းကြောင်း ပြောကြားသွားခဲ့သည်။

ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ကော့ချဟေး က အတိတ်ဖြစ်စဉ်များကြောင့် ဒေ့ဗ်လက်ဒပ်(ခ)ဒေဝကို ကမ္ဘောဒီးယားတွင် ပြိုင်ပွဲယှဉ်ပြိုင်ခွင့် မပြုတော့သည့် ၎င်း၏ဆုံးဖြတ်ချက်ကို ဆက်လက် စွဲကိုင်ထားမည်သာဖြစ်ကြောင်း၊ ခမာပြည်သူများကလည်း ဒေ့ဗ်လက်ဒပ်(ခ)ဒေဝကို အားမပေးရန်၊ အာရုံမစိုက်ရန် လိုကြောင်း အသိပေးထားသေးသည်။

Source – Phnompenh Post