လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာအခြေစိုက် ပျူစောထီး ဒုခေါင်းဆောင်၏ ကားနှင့် လက်နက်ကို ဇွန်လ ၁၀ ရက် မွန်းလွဲပိုင်းတွင် PDF အဖွဲ့တစ်ဖွဲ့က သိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။
ပျူစောထီး ဒုတိယခေါင်းဆောင်ဖြစ်သူ ဦးစိုးသန်း၏ကားကို ကျောက်နီမော်ရွာ လမ်းဆုံအနီးတွင် PDF အဖွဲ့ က သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“လူကတော့ ပစ်ခံရတာမျိုး မကြားရဘူး” ဟု ၎င်းက ပြောဆိုသည်။
ပျူစောထီးဒုခေါင်းဆောင်၏ကားကို မည်သည့်အဖွဲ့က သိမ်းဆည်းခဲ့သည်မူ အသေးစိတ် မသိရသေးပေ။
ကားမောင်းသူမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ဦးစိုးသန်း၏ ကားအပြင် လက်နက်ငယ် တစ်လက်ပါ သိမ်းဆည်းရမိခဲ့ ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ရေကြောင်း၊ ကုန်းကြောင်း ထွက်ပေါက်ရှိသည့် လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး တပ်ဖွဲ့တို့ ပူးပေါင်းတပ်စွဲထားသည်။
အဆိုပါတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်လေ့ရှိသောကြောင့် ဒေသခံပြည်သူအများစုမှာ ၂၀၂၃ ခုနှစ်ကစပြီး ထားဝယ်မြို့ပေါ်နှင့် အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။