BREAKING
January 6, 2025

ထားဝယ်၌ စစ်မှုထမ်းတတိယသုတ် ဆင့်ခေါ်ခံရသူများတွင် တက္ကသိုလ်တက်ဆဲကျောင်းသားများပါဝင်

June 12, 2024

ပုံစာ - စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းသားများအား ပလောက်မြို အမှတ် ၁၂ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် တွေ့ရစဉ် (ပုံဟောင်း)

ထားဝယ်ခရိုင်၌ စစ်မှုထမ်း တတိယအပတ်စဉ်အတွက် ဆင့်ခေါ်စာပို့ခံရသူများတွင် တက္ကသိုလ်တက်နေဆဲ ကျောင်းသားများ ပါဝင်နေကြောင်း ဆင့်ခေါ်စာပို့ခံရသူ ကာယကံရှင်ကျောင်းသားအချို့ထံမှ သိရသည်။

မေလ ၂၄ ရက် ရက်စွဲဖြင့် ထားဝယ်မြို့ စုပေါင်းရုံးသို့ အစည်းအဝေးတက်ရောက်ရန် ဖိတ်စာနှင့်အတူ အမည်၊ အဘအမည် ၊ မှတ်ပုံတင်နံပါတ်များ အတိအကျပါဝင်သည့် ဆင့်ခေါ်စာကို မေလ နောက်ဆုံးအပတ်လက်ခံရရှိခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းအစည်းအဝေးတွင် ကာယကံရှင်များ လာရောက်ခြင်းမရှိဘဲ အုပ်ထိန်းသူတစ်ရာနီးပါး တက်ရောက်ခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ အသက် ၅၀ ကျော်အရွယ် ထားဝယ်မြို့ခံတစ်ဦးက ပြောဆိုသည်။

“အစည်းအဝေးမှာက စစ်မှုထမ်းဥပဒေအကြောင်းပဲပြောတယ်။ အစည်းအဝေးလာတဲ့ မိဘတွေကတော့အကြောင်းပြချက်မျိုးစုံ နဲ့ အကြောင်းပြချက်တွေပေးတယ်။ သူတို့ဘက်ကတော့ မရရင်ရတဲ့နည်းနဲ့ ခေါ်မှာပဲလို့ ကြုံးဝါးတယ်” ဟု ၎င်းက ပြောသည်။

အစည်းအဝေးခေါ်ခံရသည့် ရပ်ကွက်များမှာ ထားဝယ်မြို့ပေါ်ရပ်ကွက်အများစုဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ် စစ်မှုထမ်းဆင့်ခေါ်ရာတွင် ဆင့်ခေါ်ခံရသည့် ရပ်ကွက်အချို့ မပါဝင်တော့‌ကြောင်း ၎င်းရပ်ကွက်နေသူများထံမှ သိရသည်။

“ကျောင်းက Day (နေ့သင်တန်း) ကနေ အဝေးသင်ပြောင်းထားတယ်။ ကျောင်းတက်ဆဲအကျုံးဝင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့် အမည်နဲ့ ဆင့်ခေါ်စာက အိမ်ရောက်လာတယ်” ဟု ထားဝယ်မြို့မှ အဝေးသင်တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောဆိုသည်။

စစ်မှုထမ်းဥပဒေတွင် ကျောင်းသားများကို ယာယီဆိုင်းငံ့ခွင့် ပြုထားသော်လည်း စစ်မှုထမ်းဒုတိယအပတ်စဉ်တွင် တိုင်းနှင့်ပြည်နယ်အချို့၌ ကျောင်းတက်နေဆဲ ကျောင်းသားများပါ သဘောဆန္ဒမပါဘဲ ခေါ်ဆောင်စုဆောင်းခံခဲ့ရကြောင်း ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တာဝန်ရှိသူထံ Dawei Watch က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

တနင်္သာရီတိုင်းတွင် စစ်မှုထမ်း အပတ်စဉ် (၁) နှင့် (၂) တွင် သင်တန်းသား ၅ဝဝ ကျော်ကို ပလောက်မြို့ရှိ အမှတ် ၁၂ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်ကောင်စီက သင်တန်းပေးနေသည်။