BREAKING
October 19, 2024

ထိုင်းအမြန်လမ်းမပေါ် ပါဂျဲရိုးကားဖြင့် တရားမဝင် ဝင်လာသော မြန်မာ ၁၁ဦး ဖမ်းဆီးခံရ

June 12, 2024

ထိုင်းနိုင်ငံ ဖိကျစ်ခရိုင်ရှိ အမြန်လမ်းမပေါ်တွင် ပါဂျဲရိုးအိမ်စီးကားဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၁၁ ဦး ဇွန်လ ၁၁ ရက် ညနေပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

တာခ့်ခရိုင် မဲဆောက်မြို့မှ အယုဒ္ဓယခရိုင်သို့ အမြန်လမ်းမကြီးအတိုင်း တရားမဝင် နိုင်ငံခြားသားများကို ပို့ဆောင်ပေး နေကြောင်း သတင်းကြိုတင်ရရှိထားသဖြင့် အာဏာပိုင်များက ဂိတ်ချစစ်ဆေးနေခဲ့ကြောင်း ရေးသားထားသည်။

ပါဂျဲရိုးအမျိုးအစား အိမ်စီးကားတစ်စီး အရှိန်မြှင့်မောင်းနှင်လာနေရာ မသင်္ကာသဖြင့် တားဆီးစစ်ဆေးရန် အချက်ပြစဉ် ကား မရပ်ဘဲ လမ်းဘေး ရွာထဲသို့ ကွေ့၍ မောင်းပြေးခဲ့ကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးသောအခါ ကားသမားသည် လမ်းကြောင်းကျွမ်းကျင်မှု မရှိသဖြင့် အမြန်လမ်းမပေါ်သို့ ပြန်လည်မောင်းနှင်လာခဲ့ရာမှ ပိတ်ဆို့တားဆီးဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ကားပေါ်တွင် ထိုင်းကားသမားနှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား ကိုးဦးနှင့် အမျိုးသမီး နှစ်ဦး လိုက်ပါလာပြီး ၎င်းတို့တွင် နိုင်ငံကူးလက်မှတ်များ မတွေ့ရကြောင်း ဖော်ပြထားသည်။

ကားသမားသည် ယခင်ကလည်း မြန်မာနိုင်ငံသားများကို ပို့ဆောင်ပေးနေခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင် အယုဒ္ဓယသို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ ဖြေကြားထားသည်။

မြန်မာနိုင်ငံသားများသည် မဲဆောက်မြို့ထဲသို့ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာခဲ့ကြပြီး ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင်ရန်အတွက် ဘတ် ၁၅၀၀၀ အကုန်အကျခံလာရောက်ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများနှင့် ထိုင်းကားသမားကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် ဖိကျစ်အမြန်လမ်းရဲစခန်းသို့ ပိုဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဇွန်လ ၉ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးတွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား၂၉ ဦး ဖမ်းဆီးခံရသေးသည်။

Ref: Khaosod Online, Siamrath