စစ်အာဏာသိမ်းပြီး ၃နှစ်ကျော်ကာလအတွင်း မြိတ်မြို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ်တစ်ထောင်ကျော် ဈေးတက်သွားသည်။
အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၅ ကျပ်သာ ကောက်ခံနေရာမှ ယခုနှစ်မေလတွင် တစ်ယူနစ်လျှင် ၁၂၄၅ ကျပ်အထိ မြင့်တက်သွားသည်။
မြိတ်လျှပ်စစ်ယူနစ်ဈေးမှာ လတိုင်းနီးပါး တရိပ်ရိပ်တက်လာခြင်းဖြစ်ပြီး အာဏာသိမ်းပြီး ရက်ပေါင်း ၁၂၀၀ ကျော်လာချိန်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ၁၀၁၀ ကျပ် ကွာဟသွားသည်။
မြိတ်မြို့နယ်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို Petro & Trans ကုမ္ပဏီက လုပ်ကိုင်နေခြင်းဖြစ်ပြီး ဒီဇယ်သုံးမီးစက်များဖြင့် ထုတ်လုပ်နေသည်။
အဆိုပါကုမ္ပဏီသည် မြိတ်မြို့နယ်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် အာဏာမသိမ်းမီက တင်ဒါအောင်ထားခြင်းဖြစ်သည်။
မြိတ်မြို့နယ်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ၁၂၄၅ ကျပ် ကျသင့်နေချိန်တွင် ရန်ကုန်မြို့အပါအဝင် မဟာဓာတ်အားလိုင်းရှိသည့် ဒေသများတွင် သုံးစွဲသည့်ယူနစ်အပေါ်မူတည်ကာ တစ်ယူနစ်လျှင် ကျပ်၃၀ မှ ကျပ် ၉၀ သာ သတ်မှတ်ထားသည်။ အဆိုပါ အမြင့်ဆုံး ၉၀ကျပ် မီတာခနှုန်းနှင့် နှိုင်းယှဉ်လျှင် မြိတ် မီတာခမှာ ၁၃ဆကျော် ပိုပေးနေရခြင်းဖြစ်သည်။
ယင်းသို့ ဈေးတက်လာသည့်အတွက် မြိတ်ဒေသခံများ၏ နေ့စဉ်လူနေမှုဘဝများတွင် ခက်ခဲကျပ်တည်းမှုများဖြင့် ရင်ဆိုင်နေရကြောင်း ညည်းတွားကြသည်။
လျှပ်စစ်မီတာခဈေးနှုန်းတက်လာခြင်းကြောင့် လျှပ်စစ်မီးအသုံးပြုပြီး လုပ်ကိုင်ရသူများလည်း ယခင်ထက် များစွာ ပိုမို ကုန်ကျလာကြောင်း မြိတ်မြို့တွင် အလှပြင်ဆိုင်ဖွင့်ထားသူတစ်ဦးက ဆိုသည်။
“အာဏာမသိမ်းခင်ကဆိုရင် အလုပ်အတွက်သုံးတဲ့ အဲယားကွန်းရော၊ ထမင်းဟင်းချက် စတဲ့ အိမ်သုံးရောပေါင်းမှ အလွန်ဆုံး ကျပ်တစ်သိန်းထက်မပိုဘူး။ အခုက အဲယားကွန်းရော၊ ထမင်းဟင်းချက်ရော မသုံးဘဲနဲ့တောင် သုံးသိန်းနီးပါးအထိ ရှိနေတော့ စရိတ်စက မတတ်နိုင်တော့ဘူးပေါ့” ဟု ၎င်းက ပြောသည်။
စားဝတ်နေရေး အပါအဝင် အထွေထွေကုန်ဈေးနှုန်းတက်နေချိန်တွင် လျှပ်စစ်မီတာဈေးလည်း တက်လာသည့်အတွက် အခြေခံလူတန်းစားမျာ၏ ဘဝလည်း ပိုမိုခက်ခဲကျပ်တည်းလာကြသည်ဟု ဆိုသည်။
“အစစအရာရာအပါအဝင် အခုလို လျှပ်စစ်မီတာခရော ဈေးတက်လာတော့ နေ့စဉ် မစားမဖြစ်အစားတွေကိုပါ ချင့်ချိန်စား လာရတယ်။ အရင်ကလို အပိုငွေမရှိတော့ဘူး။ ကျန်းမာရေးအတွက် အရေးပေါ် ဖြစ်လာရင် သုံးဖို့ငွေ မရှိတော့ဘူးပေါ့” ဟု မြိတ်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောသည်။
လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည့် Petro & Trans ကုမ္ပဏီဘက်ကမူ ဒီဇယ်လောင်စာဆီ စျေးနှုန်းအပေါ် မူတည်ကာ ယူနစ်ဈေးနှုန်းကို တိုးမြှင့်ကောက်ခံရခြင်းဖြစ်ကြောင်း ပြောဆိုဖူးသည်။
လျှပ်စစ်မီတာခ ဈေးနှုန်းတက်လာခြင်းအပေါ် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ဝင်ရောက်ထိန်းညှိခြင်းလည်း မရှိကြောင်း မြိတ်မြို့ခံ အခြားအမျိုးသားတစ်ဦးက ဆိုသည်။
“အရင်အစိုးရလက်ထက်ကဆို ပြည်သူတွေက ဝေဖန်ရင် အစိုးရက လိုက်ညှိပေးတယ်။ အခုကတော့ ဝေဖန်ရင် အဖမ်းခံရမှာ လေ။ ပြီးတော့ အခုက ဆီဈေးတက်ရင်တော့ တက်ပြီး ဆီဈေးကျတဲ့အခါ မီတာခက ဈေးမကျဘူး” ဟု အဆိုပါမြို့ခံက ပြောသည်။
လျှပ်စစ်မီတာခ ဈေးနှုန်းတက်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး Petro & Trans ကုမ္ပဏီ၏ မြိတ်မြို့နယ် မီတာရေးရာဌာနကို မေးမြန်းရာတွင် တိုင်းအစိုးရက သတ်မှတ်ပေးသည့်နှုန်းထားအတိုင်းသာ ကောက်ခံခြင်းဖြစ်ကြောင်း တုံ့ပြန်သည်။
“အဲဒီ မီတာခဈေးနှုန်းက ရုံးကလူကြီးတွေကနေ ကိုယ်ဘာသာကိုယ် သတ်မှတ်တာ မဟုတ်ဘူးပေါ့။ တိုင်းအစိုးရကနေ သတ်မှတ်ပြီးတော့ ဒီဈေးနဲ့ လုပ်ပါဆိုပြီးပြောလို့ ဒီလိုသတ်မှတ်တာပေါ့” ဟု မီတာရေးရာဌာန တာဝန်ကျဝန်ထမ်းက ပြောသည်။
Petro & Trans ကုမ္ပဏီသည် မြိတ်မြို့နယ်အပြင် ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းကိုလည်း လုပ်ကိုင်နေသည်။
အဆိုပါ ကုမ္ပဏီက ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်း သဘောတူစာချုပ် သက်တမ်း ၄ နှစ်ကုန်ဆုံးသွား၍ ယခုနှစ် မတ်လတွင် စစ်ကောင်စီနှင့် စာချုပ် ပြန်လည်ချုပ်ဆိုထားသည်။
သို့သော် လျှပ်စစ်တစ်ယူနစ်လျှင် စျေးနှုန်းမည်မျှဖြင့် ချုပ်ဆိုခဲ့သည်ကိုမူ ပြည်သူများကို အသိပေးထားခြင်း မရှိသေးပေ။