မလေးရှားနိုင်ငံ ပီနန်းပြည်နယ်တွင် စုဖွဲ့အရက်သောက်ကြရာမှ အချင်းများက ဓားထိုးမှုဖြစ်သဖြင့် မြန်မာအလုပ်သမားတစ်ဦးသည် သေဆုံးကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြသည်။
North Seberang Perai ခရိုင် Butterworth မြို့တွင် ဇွန်လ ၁ဝရက်နေ့ ညသန်းခေါင်အချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အသက် ၃၃ နှစ်အရွယ် မြန်မာအလုပ်သမားသည် ဝမ်းဗိုက်တွင် ဓားထိုးခံရသော ဒဏ်ရာများဖြင့် ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီးနောက် နံနက် ၂ နာရီခန့်တွင် သေဆုံးသွားကြောင်း သတင်းများတွင် ရေးသားထားသည်။
မြန်မာအလုပ်သမားသည် ပရိုဘောဂစက်ရုံက လုပ်ဖော်ကိုင်ဖက် အလုပ်သမားသုံးဦး၊ အလုပ်ရှင်တို့နှင့် စုဖွဲ့အရက်သောက်ကြခြင်းဖြစ်သည်ဟု ဆိုသည်။
လုပ်ဖော်ကိုင်ဖက် အလုပ်သမားသုံးဦးမှာ မည်သည့်နိုင်ငံသားမျာဖြစ်သည်ကို သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။
ဓားဖြင့် ထိုးခဲ့သည်ဆိုသည့် အလုပ်သမားမှာ ထွက်ပြေးလွတ်မြောက်နေပြီး ကျန်အလုပ်သမားနှစ်ဦးကို အခြားမြို့နှစ်မြို့တွင် ဖမ်းမိကြောင်း ဖော်ပြသည်။

လက်ရှိတွင် အရက်အတူသောက်ခဲ့သည့် အလုပ်သမားနှစ်ဦးနှင့် အလုပ်ရှင်တို့ကို စစ်ဆေးမေးမြန်ရန် ချုပ်ရက် ခုနစ်ရက် ရမန်ယူထားကြောင်း North Seberang Perai ခရိုင်ရဲမှူးကြီးက ယနေ့တွင် ပြောကြားသည်။
ထွက်ပြေးလွတ်မြောက်နေသူ၏ အခန်းကို ဝင်ရောက်စစ်ဆေးရာ ဖုန်းနှစ်လုံး၊ ဓားနှစ်စင်း၊ အရက်ပုလင်းနှင့် အခင်းဖြစ်စဉ်က ဝတ်ဆင်ခဲ့သည့် အဝတ်အစားများကို သိမ်းဆည်းရမိကြောင်း ၎င်းက ဆိုသည်။
ထွက်ပြေးသွားသည့် အလုပ်သမား၏ အချက်အလက်များကို ထုတ်ပြန်ထားပြီး တွေ့ရှိပါက နီးစပ်ရာရဲစခန်းသို့ သတင်းပေးကြရန်လည်း ရဲမှူးကြီးက ပြောဆိုသည်။
Ref: Bernama, malay mail, The Sun Daily