ရာဇ၀တ်အဖွဲ့များက မူးယစ်ဆေးကုန်ကူးသည့် လမ်းကြောင်းသစ်များ ထူထောင်လာသောကြောင့် အာရှဒေသတွင်း မူးယစ်ဆေးဝါးကုန်သွယ်မှုသည် အလွန်အမင်းကြီးထွားလာနေကြောင်း ဇွန်လ ၉ ရက်နေ့ က ထုတ်ပြန်သည့် အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။
မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ၏ သုတေသနပြုချက်အရ အရှေ့အာရှ နှင့် အရှေ့တောင်အာရှဒေသများတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စံချိန်တင် မြင့်တက်ခဲ့သည်။
မူးယစ်ဂိုဏ်းများသည် အစုလိုက်အပြုံလိုက် တင်ပို့ရောင်းချမှုသို့ ပြောင်းလဲလုပ်ဆောင်လာကြသောကြောင့် မူးယစ်ကုန်ကူးမှု ပမာဏသည် ကိုဗစ်မတိုင်ခင်ကစံချိန်နီးပါး ပြန်လည်ကျယ်ပြန့်လာပြီ ဖြစ်ကြောင်း တွေ့ရှိရသည်။
ယင်းအပြင် ကပ်ရောဂါဖြစ်ပွားနေသော ကာလအတွင်း နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ပင်မှုနှင့် ခရီးသွားလာမှု ကန့်သတ်ချက်များကို ယခုနောက်ပိုင်း ဖြေလျှော့ပေးလာသည်နှင့်အမျှ နိုင်ငံတကာ ရာဇဝတ်မှု အဖွဲ့အစည်းများသည် ပြန်လည် ချိတ်ဆက်မိလာကြပြီ ဖြစ်သည်။
“၂၀၂၂ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၃ ခုနှစ် အစောပိုင်းပုံစံများသည် ကိုဗစ်မတိုင်မီ ၂၀၁၉ ခုနှစ်နှင့်ဆင်တူသည်” ဟု UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြောကြားခဲ့သည်။
ထို့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပြန်လည်မြင့်တက်လာကြောင်း ပြသနေသည့် အခြားသော လက္ခဏာများလည်း ရှိသေးသည်။
ဂျပန်နိုင်ငံတွင် နယ်စပ်များကို ပြန်လည်ဖွင့်လှစ်ပြီးနောက် ၂၀၂၂ခုနှစ် ၏ ဒုတိယနှစ်ဝက်တွင် စိတ်ကြွဆေးပြား မှောင်ခိုသယ်ဆောင်မှု မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း အကောက်ခွန်ဌာနက ထုတ်ပြန်ခဲ့သည်။ ကပ်ရောဂါကာလအတွင်း “ပျောက်ကွယ်သွား” သည့် အရှေ့နှင့် အရှေ့တောင်အာရှရှိ အနောက်အာဖရိက ကုန်ကူးမှုကွန်ရက်များသည်လည်း ကန့်သတ်ချက်များကို ဖြေလျှော့လာသည်နှင့်အမျှ ၎င်းတို့၏လုပ်ငန်းများကို ပြန်လည်စတင်နေပြီဟု ယင်းအစီရင်ခံစာက ဆိုသည်။
“အာဏာအရှိဆုံး ဒေသတွင်း (မူးယစ်ဆေး) ကုန်ကူးမှုကွန်ရက်တွေက သူတို့ ဆက်လုပ်နိုင်တာ သေချာတဲ့ အမြင့်ဆုံး အတိုင်းအတာတစ်ခု အထိ ဆက်လက်လည်ပတ်နေနိုင်ကြပြီး အဲ့ဒါကိုလည်း ရပ်တန့်မှာ မဟုတ်ပါဘူး” ဟု အဆိုပါ အစီရင်ခံစာ က သတိပေးထားသည်။
မကြာသေးမီနှစ်များအတွင်း နိုင်ငံအချို့သည် မူးယစ်ဆေးဝါး ကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်များကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့သည်။
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်အပြင် မြန်မာနိုင်ငံနှင့် ထိုင်းနယ်စပ်တစ်လျှောက်တွင် တရားဥပဒေစိုးမိုးမှု ပိုမိုတင်းကြပ်လာခြင်းကြောင့် တရုတ်နိုင်ငံတွင် စိတ်ကြွဆေးပြားဖမ်းဆီးရမိမှု သိသိသာသာ ကျဆင်းလာပြီး ထိုင်းနိုင်ငံတွင် အနည်းငယ် လျော့ကျသွားသည်ကို တွေ့ရသည်။
သို့သော် အခြားတစ်ဖက်မှာမူ မူးယစ်ကုန်သည်များသည် “အစိုးရများ၏ လုပ်ဆောင်မှုများကို ရှောင်တိမ်းရန် အခြေအနေပေါ်လိုက်ပြီး ကြိုးစားလာနိုင်ကြသည်” ဟု Douglas က ဆိုသည်။
ကပ္ပလီပင်လယ် မူးယစ်ကုန်ကူးမှု
အာရှ၏ မူးယစ်ဆေးဂိုဏ်းများသည် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးကုန်သွယ်မှုမှတစ်ဆင့် ဘီလီယံနှင့်ချီသော မူးယစ်ဆေးဝါးများကို ထုတ်ပေးနေသော်လည်း လက်တင်အမေရိက နှင့် အမေရိကတိုက် အလယ်ပိုင်းရှိ ၎င်းတို့၏ လုပ်ငန်းပြိုင်ဖက်များ၏ အာရုံစိုက်မှုကို တစိတ်တပိုင်းမျှ ရရှိရုံ အခြေအနေ ကို ထိန်းသိမ်းထားသည်။
အကြောင်းမှာမူ အာရှမူးယစ်ဂိုဏ်းများသည် တတ်နိုင်သမျှ သိုသိုသိပ်သိပ် နေထိုင်သည့် ပုံရိပ်ကို ထိန်းသိမ်းထားသည့်အပြင် ရှိရင်းစွဲအဖွဲ့အစည်းတွင်း ရန်ပွဲများ ဖြစ်ပွားနိုင်ချေများကို ကြုံတွေ့ရမှု နည်းပါးသောကြောင့် ဖြစ်သည်။
ဒေသတွင်း မက်သာဖက်တမင်း ထုတ်လုပ်မှု အများစုသည် ထိုင်း၊ လာအိုနှင့် မြန်မာနယ်စပ်များ ဆုံရာ ရွှေတြိဂံဒေသအတွင်းတွင်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်း လုပ်ဆောင်လာခဲ့သည်။
အဆိုပါ ရပ်ဝန်းသည် ကမ္ဘာ့မူးယစ်ဆေးဝါး ထုတ်လုပ်မှု ကဏ္ဍတွင် အဓိက အချက်အချာကျသော နေရာများထဲမှ တစ်ခုဖြစ်သည်။
အနီးကပ် စောင့်ကြည့်မှုများ ရှိသော်လည်း အဆိုပါ ဧရိယာတွင်း မူးယစ်ဆေးဝါး ကုန်ကူးမှု အမြောက်အမြား ကို ယခုချိန်အထိ မြင်တွေ့နေရဆဲဖြစ်သည်။
သို့သော် မူးယစ်ဂိုဏ်းများသည် အနောက်ဘက် ပင်လယ်ရေကြောင်း လမ်းကြောင်းများကို ပိုမိုအသုံးပြုလာကာ “စောင့်ကြည့်မှု နည်းပါးသည်ဟု ဆိုနိုင်သော” မြန်မာနိုင်ငံ အလယ်ပိုင်းမှ တစ်ဆင့် ကပ္ပလီပင်လယ်အထိ မူးယစ်ဆေးဝါး ဖြန့်ဖြူးရေးအတွက် လမ်းကြောင်း ပြောင်းနေကြောင်း Douglas က ဆိုသည်။
မြန်မာနိုင်ငံမှတဆင့် ကမ္ဘာ့အရပ်ရပ်သို့ မက်သာဖက်တမင်းနှင့် အခြားသော မူးယစ်စေတတ်သည့် ဓာတုဆေးဝါးများ တင်ပို့ရောင်းချနေမှုများသည် ယခင်က ဂျပန်၊ နယူးဇီလန်နှင့် ဩစတေးလျတို့အထိ ဝေးလံသည့် နေရာများအထိ တင်ပို့ရောင်းချသည်ကို တွေ့ရှိရသည်။
ထို့အပြင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယအရှေ့မြောက်ပိုင်းသို့လည်း မက်သာဖက်တမင်းများကို “အမြောက်အမြား” သယ်ပို့မှုများ ရှိနေသည့်အတွက် တောင်အာရှဒေသသည်လည်း အဆိုပါ ဈေးကွက်တွင်းသို့ တွန်းပို့ခံနေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစိုးရအာဏာပိုင်များ၏ ဖြိုခွင်းမှုများနှင့် ဖမ်းဆီးမှုများ တိုးလာသော်လည်း မက်သာဖက်တမင်း၏ လက်ကားနှင့် လမ်းဘေး လက်လီဈေးနှုန်းအသီးသီး သည် ၂၀၂၂ ခုနှစ်တွင် ဒေသတွင်း အနိမ့်ဆုံးအထိ စံချိန်တင် ကျဆင်းသွားခဲ့သည်။
ကပ်ရောဂါ ဖြစ်ပွားနေသဖြင့် ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန်နှင့် ပြည်သူ့ကျန်းမာရေးအစီအမံများကို တွန်းအားပေး လုပ်ဆောင်နေသဖြင့် နိုင်ငံအများစုက မူးယစ်ဆေးဝါးကို ထိန်းချုပ်မှုအားနည်းသည်ကို မူးယစ်ဂိုင်းများက အခွင့်ကောင်းယူနေကြကြောင်း UNODC ကဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအပြင် ဆက်တိုက် ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ နိုင်ငံရေးမတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ရာဇ၀တ်ဂိုဏ်းများသည် နယ်စပ်ဒေသများကို မူးယစ်ဆေး တရားမဝင် ထုတ်လုပ်ဖြန့်ဖြူးရေး ရပ်ဝန်းအဖြစ် ပြောင်းလဲခဲ့ကြသည်။
မြင့်တက်လာသော ကတ်တမင်း ရောင်းအား
မက်သာဖက်တမင်း (စိတ်ကြွဆေး) အပြင် ကတ်တာမင်း ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ် ဖောက်ကားမှုမှာလည်း ဒေသတွင်း၌ လျင်မြန်စွာ မြင့်တက်လာနေပြီး အာဏာပိုင်များက အဆိုပါ ဓာတုပစ္စည်းကို သိမ်းဆည်းရမိမှုများသည် ၂၇ ဒသမ ၄ တန်အထိ ရှိလာကြောင်း ဒေသအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ကတ်တမင်းသည် အာရုံပျံ့လွင့်စေသည့် ပြင်းထန်ထုံဆေးတစ်မျိုး ဖြစ်ပြီး ပါတီပွဲများတွင် မူးယစ်ဆေးအဖြစ် အသုံးများသည့် ဆေးဝါးတစ်ခု ဖြစ်သည်။
UNODC ၏ အစီရင်ခံစာအရ အဆိုပါ ကိန်းဂဏန်းသည် ယခင် ၂၀၂၂ခုနှစ်ထက် ၁၆၇ ရာခိုင်နှုန်း ပိုများကြောင်း သိရသည်။ ထို့အပြင် ဂျပန်နှင့် ဟောင်ကောင်မှလွဲ၍ ဒေသတွင်း နိုင်ငံနှင့် နယ်မြေတိုင်းနီးပါးတွင် ကတ်တမင်း ဖမ်းဆီးရမိမှု တိုးလာကြောင်း အစီရင်ခံထားသည်။
“ဒေသတွင်း ကတ်တမင်းရဲ့ အခြေအနေက ၂၀၁၀ ခုနှစ်တွေ အလယ်ပိုင်းလောက်မှာတုန်းက စိတ်ကြွဆေးဈေးကွက်ကို ချဲ့ထွင်ဖို့ရာ ဖြန့်ဖြူးရေးနည်းလမ်းကို မျိုးစုံအသုံးပြုခဲ့ကြတဲ့ အခြေအနေကို ပြန်ထင်ဟပ်စေသလိုပါပဲ” ဟု UNODC မှ ဓာတုဆေးဝါးဆိုင်ရာ ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး Inshik Sim က မှတ်ချက်ပြုကြောင်း သတင်းထုတ်ပြန်ချက်တစ်စောင် တွင် ဖော်ပြထားသည်။
“ပြောရမယ်ဆိုရင် ကတ်တမင်း သုံးစွဲမှုဆိုင်ရာ ရနိုင်တဲ့ အချက်အလက်တွေက အကန့်အသတ်ရှိပြီး ဘယ်လောက်အထိ ပျံ့နှံ့နေသလဲဆိုတာ ရှင်းရှင်းလင်းလင်း ရှိမနေပါဘူး။ ဒီကဏ္ဍအတွက် သုတေသနက တော်တော်လေးကို လိုအပ်နေပါတယ်။”
နဂိုကတည်းက ကာလအတန်ကြာ သယ်ယူပို့ဆောင်ရေးအချက်အချာ ဖြစ်သည့်အပြင် နိုင်ငံအတွင်း စက်မှုလုပ်ငန်းသုံး ပမာဏအထိ ထုတ်လုပ်နေသည့် ကတ်တမင်းဆိုင်ရာ လျှို့ဝှက် ဓာတ်ခွဲခန်းများ၊ သိုလှောင်ရုံများနှင့် စီမံဆောင်ရွက်သည့် ဂိုဒေါင်များကို အာဏာပိုင်များက ရှာဖွေတွေ့ရှိခဲ့သည့် အတွက် ကမ္ဘောဒီးယားသည် ဒေသတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ရာ အဓိက နေရာတစ်ခုအဖြစ် ကျယ်ပြန့်လာခဲ့သည်။
အဆိုပါ ဓာတ်ခွဲခန်းများတွင် တွေ့ရှိရသည့် ဓာတုပစ္စည်းများနှင့် စက်ပစ္စည်းများသည် အနည်းဆုံး မတူညီသော နိုင်ငံနှင့် ပြည်နယ် ၁၂ ခုမှ အစပြု သို့မဟုတ် ကူးပြောင်းလာသည့် ၊ ကျယ်ပြန့်သော နိုင်ငံတကာကွန်ရက်တစ်ခုကို ညွှန်ပြနေကြောင်း ယင်း အစီရင်ခံစာက ဆိုသည်။ ဥပမာအားဖြင့် တွေ့ရှိသော ဓာတုပစ္စည်းများတွင်း အချို့သည် ပြင်သစ်တွင် ထုတ်လုပ်သည် ဆိုသော်လည်း ထုပ်ပိုးမှုတွင် ဗီယက်နမ်ဘာသာ ဖြင့် ရေးသားထားမှုများ ရှိသည်။ အခြားသော ပစ္စည်းများမှာ ပိုလန်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် တောင်ကိုရီးယား စသည်ဖြင့် အသီးသီး ဖော်ပြထားကြသည်။
ဤသို့ တွေ့ရှိရသည့် ဓာတုပစ္စည်း ပမာဏသည် ကတ်တမင်း ထုတ်လုပ်မှု၏ အရှိန်အဟုန်မြင့်လာမှုကို ထောက်ပြသည်။ ကမ္ဘောဒီးယားအာဏာပိုင်များသည် ၂၀၂၂ ခုနှစ်တွင် ဓာတုဗေဒပစ္စည်း ၅၁၈တန် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ဖမ်းဆီးရမိမှု သည် ၅တန်သာရှိသဖြင့် အဆိုပါ ပမာဏသည် နိုင်ငံတကာနှင့် ဒေသတွင်းခေါင်းဆောင်များကို စိုးရိမ်ထိတ်လန့်စေခဲ့သည်။
ဘာသာပြန် – ဒါလီ
With no more Covid restrictions, Asia’s drug cartels are thriving, UN report warns by Jessie Yeung, CNN ကို ဘာသာပြန်ဆိုရေးသားသည်။