BREAKING
September 16, 2024

လျှပ်စစ် ငွေယိုပေါက်

May 12, 2024

လျှပ်စစ်တစ်ယူနစ်ကို ကျပ်လေးရာကျော်နဲ့ စျေးကြီးပေးသုံးနေရသော်လည်း ထားဝယ်ခရိုင်တွင် လျှပ်စစ်မီး နာရီပိုင်းသာရပြီး တစ်နေကုန်နီးပါး အပျက်များနေသည်။ လျှပ်စစ်ဒုက္ခကို ဧပြီလဆန်းမှစတင်ကာ ထားဝယ်သားတို့ ခံစားနေရခြင်းဖြစ်သည်။

စက်လေးလုံး ချို့ယွင်းနေသဖြင့် အလှည့်ကျမီးပေးမည်ဟု လျှပ်စစ်ဖြန့်ဖြူးခွင့်ရထားသည့် Petro & Trans ပုဂ္ဂလိက ကုမ္ပဏီက ကြေညာထားသော်လည်း ကြေညာထားသည့်အချိန်အတိုင်း လျှပ်စစ်မီး မရ။ အချိန်မမှန်သလို အလှည့်ကျ ပေးမည်ဆိုသည့် နာရီအပြည့်လည်း မရပေ။

လျှပ်စစ်ကို မီခိုသည့်လုပ်ငန်းများ အထိနာနေသလို ထမင်းချက်ပြုတ် စားသောက်ရန်၊ ဖုန်းအားသွင်းရန်ပင် အဆင်မပြေမှု များနေသည်။ ရေတွင်းရှိသော်လည်း လျှပ်စစ်မီးမရှိသဖြင့် ရေမချိုးရသည်ပင် ရှိလာသည်။ လျှပ်စစ်မီး အပျက်များနေချိန် ထားဝယ်ဒေသတွင် ၇၈နှစ်အတွင်း အပူဆုံးစံချိန်တင်ခဲ့တာကြောင့် အပူဒဏ်ကိုလည်း အလူးအလဲ ခံနေကြရသည်။

ထို့ကြောင့် လျှပ်စစ်မီး ပြဿနာကို ကိုယ့်ငွေကိုယ့်စိုက် ဖြေရှင်းနေကြရသည်။ ဆိုလာ၊ အင်ဘတ်တာ၊ ဘတ္ထရီ၊ မီးစက်၊ ပါဝါဘဏ် စသည့် ပစ္စည်းများ ဝယ်ယူအသုံးပြုလာကြရတဲ့အတွက် ငွေကြေး အပိုကုန်ကျမှု များလာပါသည်။ မိသားစုများ၏ စုဆောင်းထားသည့် ငွေများ လျှစ်စစ်အတွက် ယိုထွက်သွားရပြီဖြစ်သည်။

ထို့ကြောင့် လျှပ်စစ်အတွက် ငွေကုန်ကြေးကျများပြီး ဝန်ထုပ်ဝန်ပိုးပိနေသည့် ထားဝယ်ခရိုင်က ပြည်သူများ၏ အခြေအနေကို သိရှိနိုင်စေရန် ယခုတစ်ပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြပေးလိုက်ပါသည်။

“ဆီဖိုးနဲ့ပဲ မွဲနေပြီ။ အခုဆိုရင် ရေမလောင်းနိုင်လို့ ကွမ်းသီးပင် ၃၀၀ လောက် သေသွားပြီ”

ကိုအောင် (လောင်းလုံးဒေသခံ ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်သူ)

DW ။ လျှပ်စစ်မီးပြတ်တောက်မှုအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ တစ်ရက်မှာဆိုရင် တစ်နာရီ၊ နှစ်နာရီပဲ (လျှပ်စစ်မီး) လာတယ်။ လာတဲ့အချိန်ကလည်း မမှန်ဘူး။ (လျှပ်စစ်ကုမ္ပဏီက အလှည့်ကျ မီးပေးမယ့်အချိန်) သူတို့ပြောထားတဲ့အတိုင်း မဟုတ်ဘူး။ မီးလာပြီဟေ့ အသံကြားရင် ကြားတဲ့နေရာကနေပြီး (အိမ်ကို) ပြေးလာနေရတယ်။

DW ။ လျှပ်စစ်မီးက အဲဒီလိုမျိုး ပြတ်နေတာဆိုတော့ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ ။ ဘယ်လိုအခက်အခဲလည်းဆို ကျွန်တော်တို့က အခုဆို မီးစက်မောင်းပြီး သစ်ပင် ရေလောင်းနေရတယ်။ ထမင်းချက် ဖို့တို့က ထားလိုက်ဦး။ အဲဒါက ထင်းတို့ မီးသွေးတို့နဲ့ ရသေးတယ်။ ရေလောင်းဖို့ကတော့ မီးစက်နှိုးမှ ရတယ်။ အခုဆိုရင် ကျွန်တော့်မှာဆို ကွမ်းပင် (ကွမ်းသီးပင်) သုံးဧကလောက်ကို ရေလောင်းတာ ဆီဖိုးကို အနည်းဆုံးမကုန်ရင် (တစ်ရက်ကို) သုံးသောင်း (ကျပ်) လောက်ကုန်တယ်။ ဆယ်ရက်ဆိုရင် သုံးသိန်း။ ဆီဖိုးနဲ့ပဲ မွဲနေပြီ။ အခုဆိုရင် အပင် (ကွမ်းသီးပင်) ၃၀၀ လောက် သေသွားပြီ။ ရေမလောင်းနိုင်လို့။

DW ။ လျှပ်စစ်ဓာတ်အား ပြတ်နေတာက တစ်လလောက်ရှိသွားပြီးဆိုတော့ အဲဒီအတောအတွင်း ဆုံးရှုံးမှု ဘယ်လောက်ရှိမလဲ။

ဖြေ ။ တော်တော်များတယ်။ သေသွားတဲ့ ကွမ်းပင်တွေဆိုရင် သုံးနှစ်သားလောက်ဖြစ်နေပြီ။ အဲဒီအပင် ၃၀၀ ကို သုံးနှစ်ထဲမှာ ထည့်ထားရတဲ့ ငွေကအများကြီးပဲ။ အခု လေးငါးဆယ်ရက် ရေမလောင်းရတာနဲ့ သေသွားပြီ။ နောက်ထပ် ပြန်စိုက်မယ်ဆိုရင် နောက်ထပ် ထပ်ကုန်ဦးမှာ။ အဲဒါကျွန်တော်တစ်ယောက်တည်းဖြစ်နေတာပဲ ရှိသေးတယ်။ သူများတွေဆို ကျွန်တော်ထက် ဆိုးတဲ့သူတွေတောင် ရှိတယ်။

DW ။ ကွမ်းပင်တွေသေတာက လျှပ်စစ်မီးပြတ်တောက်တာကြောင့်ဆိုတာ သေချာလို့လား။ ရာသီဥတုပူတာကြောင့်ရော မဖြစ်နိုင်ဘူးလား။

ဖြေ ။ ရာသီဥတုပူတာလည်း ပါတာပေါ့။ ဒါပေမဲ့ ရေနိုင်ရင် ဘာမှမဖြစ်ဘူး။ အပင်ခြေရင်းမှာ အပူဒဏ်ခံနိုင်အောင် မြက်အုပ်ပေးပြီး ရေနိုင်အောင် လောင်းပေးရင် မသေနိုင်ဘူး သူက။ အခုက လျှပ်စစ်မီးမရတော့ ကိုယ့်မီးစက်နဲ့ကိုယ်ဆိုတော့ မခံနိုင်ဘူးလေ။ ဓာတ်ဆီတစ်လီတာက ၄၀၀၀ (ကျပ်) လောက်ရှိတာ။ မနိုင်ဘူးလေ အဲဒီလောက်ကြီးကျတော့။

DW ။ လျှပ်စစ်မီးကို ဘယ်လိုပုံစံနဲ့ ပေးစေချင်လဲ။ အခုလတ်တလော အချိန်မှာပေါ့။

ဖြေ ။ ဘယ်လိုဖြစ်စေချင်လဲဆို ကြေညာထားရင် ကြေညာထားတဲ့အတိုင်း တိတိကျကျ ပေးစေချင်တယ်။ စက်ပျက်နေလို့ အလှည့်ကျပေးနေရတယ်ဆိုတာ နားလည်ပေးလို့ ရသေးတယ်။ အခုက ပေးချင်တဲ့အချိန်ပေးတယ်။ သေချင်တဲ့ အ‌ချိန်သေသွားတယ်။ ၁၀ နာရီကနေ ၁၂ နာရီအထိ လာမယ်ပြောထားရင် အဲဒီအချိန်လာ။ ပြီးရင်သေသွား ဘာမဖြစ်ဘူး။ အခုက အဲဒီလိုမဟုတ်ဘူး။ ၁၀ နာရီလာမယ်ဆိုရင် ၁၁ နာရီလောက်မှ လာတယ်။ ၁၂ နာရီမထိုးခင် သေသွားတယ်။ ပြီးရင်တစ်နေ့လုံး မလာတော့ဘူး။ အဲဒီလို လုပ်နေမယ့်အစား လုံးဝမပေးရင် မပေးနဲ့တော့။ စိတ်ပင်ပန်းလို့ပြောတာ။

DW ။ ဖြည့်စွက်ပြောချင်တာရှိသေးလား။

ဖြေ ။ သူတို့က အမြတ်ပဲလိုချင်တယ်။ ရှုံးတဲ့အခါကျရင် အရှုံးမခံဘဲနဲ့ ပြည်သူကို မီးဖြတ်ထားလိုက်တယ်။ တကယ်ဆိုရင် ဒီစက်ပျက်ရင် အခြားစက်နဲ့ ပေးနိုင်အောင် စီစဉ်ထားရမှာ။ အရင်က ကျွန်တော်တို့ရွာက (တစ်နိုင်တပိုင်လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး) မီးစက်မှာတောင် စက်သုံးလေးလုံး တပ်ထားသေးတာ။ တစ်လုံးပျင်နေရင် နောက်တစ်လုံးနဲ့ ပေးလို့ရအောင် ဆိုပြီး။ သူတို့က ကုမ္ပဏီကြီးလုပ်ပြီး မီးစက် အပိုမထားဘူးဆိုတော့ ဘယ်လိုကုမ္ပဏီမျိုးလဲလို့ မေးချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“တစ်နေ့စာ စားဖို့အတွက် ပိုက်ဆံတစ်သောင်းက မီးသီးတွေ ဝယ်သုံးနေရတာ”

မမီးဇာ (ထားဝယ်မြို့ခံ အွန်လိုင်းဈေးရောင်းသူ)

DW ။ ထားဝယ်က လျှပ်စစ်မီးအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ မီးက မရတဲ့အချိန်‌တွေချည်းပဲ။ ကိုယ့်မီးစက်နဲ့ကိုယ် သုံးနေရတာက ပိုများတယ်။ တစ်နေကုန် မီးစက်မောင်းပြီး သုံးနေရတာနဲ့ အတူတူပဲ။ တစ်မြို့လုံး။

DW ။ လျှပ်စစ်မီးမရတော့ ဘယ်လို အခက်အခဲတွေရှိလဲ။

ဖြေ ။ အခက်အခဲကတော့ အများကြီးပဲ။ မီးစက်မောင်းနေရတာဆိုတော့ ဆီဖိုးလည်းကုန်တယ်။ ပန်ကာဆို တစ်ခုပြီးတစ်ခု ဝယ်နေရတယ်။ အရင်က အဲယားကိုလာနဲ့နေတာ၊ အခုအဲတာ သုံးမရတော့လို့ ဘထ္တရီနဲ့ သုံးရတဲ့ ပန်ကာတွေ ဝယ်ထား ရတယ်။ ပန်ကာတစ်လုံးကို သုံးလေးသောင်းကျော်ပေးရတာ။ ကျွန်မတို့ အိမ်မှာတော့ နှစ်လုံးဝယ်ထားတယ်။ ပထမ တစ်လုံးကတော့ အဆင်မပြေလို့ ပြန်ရောင်းပြီး နောက်တစ်လုံး ဝယ်ထားရတယ်။

DW ။ လျှပ်စစ်မီး မမှန်တဲ့နောက်ပိုင်း ငွေကြေးကုန်ကျမှုဘယ်လောက်ရှိနေပြီလဲ။

ဖြေ ။ ဘယ်လောက်လဲတော့ တိတိကျကျ မသိတော့ဘူး။ မီးစက်ဝယ်တာကိုပဲ လေးငါးဆယ်သိန်းလောက်ရှိမယ်။ အဲဒါက အလုပ်မှာနဲ့ အိမ်မှာ ရေတင်တာပဲသုံးတာ။ ပါဝါဘဏ် ဝယ်တာရှိသေးတယ်။ (DC) မီးလုံးဝယ်တာရှိသေးတယ်။ ကျွန်မက မီးမရှိရင် မနေတတ်ဘူး။ အဲဒါကြောင့် ကုန်ချင်ကုန်ပါစေ အကုန်လျှောက်ဝယ်တာ။ ကျွန်မဝယ်တာကိုပဲ လေးငါးသိန်းလောက်ရှိနေပြီ။ ပါဝါဘဏ်ဆို အရင်က နှစ်သောင်းလောက်ပဲပေးရတာ အခု လေးသောင်းကျော်ပေးရတယ်။ လျှပ်စစ်ပစ္စည်းတွေက ‌တောက်လျှောက်ဈေးတက်နေတာ။ အခုတစ်လ နှစ်လထဲမှာကို (လျှပ်စစ်ပစ္စည်းတွေအတွက်) ကုန်နေတာ ဆယ့်လေးငါးသိန်းလောက်ရှိနေပြီ။

DW ။ တခြားသူတွေရော ဘယ်လိုသုံးနေကြလဲ။ မီးစက်မဝယ်နိုင်တဲ့သူတွေဆိုရင်ပေါ့။

ဖြေ ။ မီးစက်ကတော့ လူတိုင်းမဝယ်ကြဘူးလေ။ သူတို့ကတော့ အားသွင်း မီးသီးတွေဝယ်ပြီး သုံးနေကြရတာပေါ့။ အားသွင်းမီးသီးတစ်လုံးကို အခု တစ်သောင်းခွဲလောက်ပေးရတာ။ တစ်နေ့စာ စားဖို့အတွက် ပိုက်ဆံတစ်သောင်းက မီးသီးတွေ ဝယ်သုံးနေရတာ။ တချို့တွေကတော့ ဆိုလာတွေဝယ်ကြတယ်။

DW ။ လျှပ်စစ်ပစ္စည်းတွေအတွက် လူတွေ ဝန်ထုပ်ဝန်ပိုးဖြစ်နေကြတာပေါ့။

ဖြေ ။ ဖြစ်တာပေါ့ရှင်။ အများကြီးကိုဖြစ်နေကြတာ။ လူတိုင်းက လျှပ်စစ်ပစ္စည်းဆိုင်ကို လုပ်ကျွေးနေသလိုဖြစ်နေတာ။

DW ။ အဲဒီအပေါ်ဘာပြောချင်တာရှိလဲ။

ဖြေ ။ မီးမှန်မှပဲ အဲဒါတွေက မရှိမှာ။ မီးမမှန်သရွေ့ကတော့ ဒီအတိုင်းပဲဖြစ်နေမှာပဲ။ လူတွေက အခုချိန်မှာ ခက်ခဲနေကြတာလေ။

DW ။ ကျေးဇူးတင်ပါတယ်။

“ထားဝယ် အခြေအနေကတော့ တစ်မြို့လုံး မီးစက်သံ ဆူညံနေတာပေါ့။”

ထားဝယ်မြို့ခံ လူငယ်တစ်ဦး

DW ။ လျှပ်စစ်မီး အမြဲလိုလိုပြတ်နေတဲ့ ထားဝယ်အခြေအနေ အရင်ဆုံးပြောပြပါလား။

ဖြေ ။ ထားဝယ် အခြေအနေကတော့ တစ်မြို့လုံး မီးစက်သံ ဆူညံနေတာပေါ့။

DW ။ လျှပ်စစ်မီးမလာတော့ ဘယ်လိုအခက်အခဲတွေကြုံနေရလဲ။

ဖြေ ။ ရေတောင် မချိုးရ‌တဲ့နေ့တွေရှိတယ်။ ကျန်တာတော့ ပြောမနေနဲ့တော့။

DW ။ ဒီထက်ပြည်ပြည့်စုံစုံ ပြောပေးလို့ရနိုင်မလား။

ဖြေ ။ လူဆယ်ယောက်ရှိရင်ဗျာ ဆယ်မျိုး သူ့ပြဿနာနဲ့ သူဖြစ်နေတာ။ တချို့အိမ်တွေမှာဆို ဖယောင်းတိုင်း မီးလေးနဲ့။ ဖုန်းလေးကိုင်ပြီး အားသွင်းပေးပါလို့ မျက်နှာငယ်နဲ့ သွားသွင်း နေရတယ်။ ဘထ္တရီအိုး ဆိုင်ပြေးတဲ့သူပြေး။ အဲဒီထက်ဆိုးတာတောင် အပုံကြီး ကျန်သေးတာ။ အိမ်မှာ ရေတွင်းရှိရက်နဲ့ ရေကား မလာလို့ ရေမချိုးရဘူးဗျာ။ အဲဒီလိုမျိုးတွေဗျာ။

DW ။ လုပ်ငန်းမှာရော လျှပ်စစ်မီးမရှိတော့ ဘယ်လိုလုပ်နေရလဲ။

ဖြေ ။ မီးစက်နဲ့ပေါ့။ ၂၄ နာရီ ကိုယ့်မီးစက်ပဲ ကိုယ်အားကိုယ်ကိုးနေရတယ်။

DW ။ မီးစက်က အခုမှဝယ်လိုက်တာလား။

ဖြေ ။ မသုံးတာကြာပြီ။ အဟောင်းကို ပြန်ပြင်သုံးနေတာ။ ကျောက်ခေတ်မှာလိုလည်း မနေနိုင်တော့ မီးစက်ပြန်ပြင်ပြီး ဓာတ်ဆီနဲ့ မောင်းနေတာ။

DW ။ မီးစက် မဝယ်နိုင်တဲ့သူတွေတော့ တော်တော်အခက်အခဲ ဖြစ်မယ်နဲ့တူတယ်။

ဖြေ ။ ဖုန်းအားသွင်းဖို့တောင် မရှိဘဲဖြစ်နေကြတယ်။ တစ်ခါမီးလာရင် ဖုန်းတစ်လုံးတောင် အားပြည့်အောင် မလာပေးဘူး။ (အလှည့်ကျမီးပေးမယ့် ကြေညာချက်) စာရွက်ထဲမှာတော့ ဘယ်နာရီကနေ ဘယ်နာရီ လျှောက်ရေးထားတာပဲ။

DW ။ လျှပ်စစ် အရမ်းအပျက်များလာတဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ အရင်ခေတ်တုန်းကသာဆိုရင် ဆန္ဒပြလို့ ပတ်ပြေးနေရပြီ။ ကုမ္ပဏီကြီးလုပ်ပြီး စက်ပျက်ရင် အခြားစက်တွေနဲ့ ပေးလို့ရအောင် မလုပ်ထားနိုင်တာ အရမ်းရှက်ဖို့ ကောင်းတယ်။

“ငွေရေးကြေးရေးပိုင်း ပိုပြီးကုန်ကျများလာတယ်”

အထည်ချုပ်သမား အမျိုးသမီးတစ်ဦး (ရေဖြူမြို့နယ်)

DW ။ လျှပ်စစ်ဓာတ်အားပြတ်နေတာ ဘယ်လောက်ရှိပြီလဲ။ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ။

ဖြေ ။ ကြုံရတာတော့ လျှပ်စစ်နဲ့ လုပ်ရတဲ့အလုပ်တွေ မလုပ်ရတော့ဘူး။ မီးပြတ်တာများလာတော့ အမှောင်ထဲမှာနေရတာတွေ များလာတယ်။ ကျွန်မတို့သုံးတာက ဖုန်းအားသွင်းတယ်၊ မီးထွန်းတယ်၊ အချက်ပြုတ်နေရာတွေမှာအသုံးပြုတယ်။ ကျွန်မတို့ရွာမှာ ရေခဲချောင်းလုပ်တဲ့ သူတွေရှိတယ်။ သူတို့အတွက် လုပ်ငန်းတွေ ရပ်ထားရတယ်။ ဘာလို့လဲဆို မီးက သုံးနာရီလောက်ပဲလာတော့ သူတို့ရေခဲချောင်းတွေ မခဲတော့ ဆုံးရှုံးမှုများလာတယ်ပေါ့။

DW ။ ကိုယ်တိုင်ကြုံရတာတွေ ဘာတွေရှိလဲ။

ဖြေ ။ အထည်ချုပ်နေတယ်ဆိုတော့ လျှစ်စစ်အသုံးပြုရတဲ့အပိုင်းမှာ အဆင်မပြေတော့ဘူး။ အထည်တွေကို ချိန်းထားတဲ့ အချိန်မီ မပေးနိုင်တော့ဘူး။ ကိုယ်ရဲ့ဖောက်သည်တွေကလည်း ချိန်းထားတဲ့အချိန် လိုချင်တယ်။ ကိုယ့်မှာက လျှပ်ကမရှိတော့ တောင်းပန်ရတယ်။ ဖြေရှင်းရတာပေါ့လေ။ ဖုန်းအားသွင်းမယ့်အရေး တစ်ချိန်လုံး စောင့်နေရတယ်။ အရင်က မီးပြတ်လေ့ မရှိဘူးလေ။ အခုက ရာသီလည်းပူတော့ နေရတာသိပ်အဆင်မပြေဘူး။ အရင်က ပန်ကာတွေ သုံးလို့ရတယ် အခုသုံးလို့ မရတော့ဘူး။ နယ်မှာ‌ဆိုတော့ တော်သေးတယ်။ သစ်ပင်အရိပ်တွေနဲ့ တံခါးတွေ ဖွင့်ပြီးနေလို့ရသေးတော့၊ ပူလွန်းရင်တော့ အိပ်မပျော်ဘူး။

DW ။ အဲဒီလျှပ်စစ်ပစ္စည်းတွေ အသုံးပြုဖို့အတွက် ဘာတွေအစားထိုး အသုံးပြုနေရလဲ။

ဖြေ ။ တန်ဖိုးကြီးကြီးမားမားတော့ မဟုတ်ဘူး။ ဆိုလာသေးသေလေးတွေ မီးထွန်း ဖုန်းအားသွားလို့ ရရုံလောက်ပဲ။ ချက်ပြုတ်တာကတော့ မီးသွေး၊ ထင်း ရှာထားရတာပေါ့။ အခုဆို မီးသွေးတစ်အိတ် ခြောက်ထောင်၊ ကျွန်မတိုဘက်မှာတောင် အရင်က သုံးထောင်ဝန်းကျင်ပဲရှိတယ်။ အခုတော့ မီးသွေးစရိတ် ဖယောင်းတိုင်တွေလည်း ဝယ်သုံးလာရတာ ရှိတော့လေ။ ငွေရေးကြေးရေးပိုင်း ပိုပြီးကုန်ကျများလာတယ်။ တစ်နေ့ကို ၅၀၀၀ (ကျပ်) ဝန်းကျင်လောက် ပိုပြီးကုန်လာတယ်။

DW ။ လျှပ်စစ်သုံးစွဲသူတစ်ယောက်အနေနဲ့ တာဝန်ရှိတဲ့သူတွေကို ဘာပြောချင်တာရှိလဲ။

ဖြေ ။ ၂၄ နာရီ မရဘူးဆိုရင်တောင်မှ အခုလိုမျိုး နာရီအနည်းငယ်ပဲရတာမျိုးမဟုတ်ဘဲ အခုပေးနေတဲ့အချိန်ထက် ပိုပြီး ပေးစေချင်တယ်။ တစ်ခါတလေပျက်ရင် ကိစ္စမရှိဘူး။ အခုက လုံးဝနီးပါး ပျက်နေတော့ဆင်မပြေဘူး။ အခုက တစ်ခါလာရင် တစ်နေ့ သုံးနာရီလောက်ပဲ လာတာ။ လုံးဝဆင်ပြေမ‌နေဘူးလေ အခုအခြေနေက။ ဖြစ်နိုင်ရင် တစ်နေကုန်ပဲ လိုချင်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ဖ‌ယောင်းတိုင်မီး ပိုကုန်တယ်။ မီးသွေးဖိုး ပိုကုန်တယ်”

CDM ပညာရေးဝန်ထမ်းတစ်ဦး (ထားဝယ်ဒေသခံ)

DW ။ လျှပ်မီးပျက်တာ ခဏခဏဖြစ်နေတော့ အရင်ကထက် ကုန်ကျစရိတ်များလာတာမျိုး ရှိလား။

ဖြေ ။ ရှိတယ်။ ဖ‌ယောင်းတိုင်မီး ပိုကုန်တယ်။ မီးသွေးဖိုး ပိုကုန်တယ်။ အရင်က ပေါင်းအိုးနဲ့ ထမင်းချက်၊ အခုက မီးသွေးနဲ့ ချက်နေရတယ်။

DW ။ ကိုယ်ရဲ့ တစ်ကိုယ်ရေတစ်ကိုယ်စာဆိုရင်ရော မီးပျက်တဲ့အချိန်ဘယ်လိုခံစားရတာရှိလဲ။

ဖြေ ။ ပူတယ်။ စာလေ့လာရင် ဖယောင်းတိုင်မီးနဲ့ဆိုတော့လည်း သိပ်အဆင်မပြေ။ ဖုန်းဘေလည်း အကုန်များတယ်။ တစ်ခါတလေ ဗီဒီယိုသင်ခန်းစာတွေ လေ့လာရင် အများကြီးကုန်တယ်။ မီးရှိနေရင် Wifi နဲ့ဆိုတော့ အကုန်အကျက သက်သာသေး။ ပူလို့ ညဘက်အိပ်ရတာလည်း အဆင်မပြေဘူး။ ရပ်တောင်ခတ်ပြီး အိပ်ရလို့ အိပ်မပျော်ဘူး။ အိပ်ရေးမဝလို့ မနက်ဆို မလန်းဆန်းဘူး။ တစ်ခါ‌တလေ ခေါင်းကိုက်။ အိမ်နားက လူကြီးတွေဆို သွေးပေါင်တက် သွေးပေါင်ကျ ဖြစ်ကြ တယ်။ တစ်ခါတလေ မီးက ခဏလာပြီး ပြန်ပျက်သွားတယ်မလား။ ထမင်းအိုးတန်းလန်း၊ လုံးဝ အဆင်မပြေ။ အဲဒီလိုမျိုးဆို ထင်းမင်းကို တခြားအိုးနဲ့ ပြန်ထည့်ပြီး မီးသွေးနဲ့ပြန်ချက်။ အဲဒီလို အဆင်မပြေမှုတွေ ဖြစ်တာပေါ့ရှင်။ မီးသွေး တစ်အိတ် ၇၀၀၀ထောင်၊မီးသွေးကောင်းရင် တစ်ပတ် ၄ အိတ် မကောင်းရင် ၅အိတ်အခုတော့ မီးသွေး ဖိုးတော့ ကုန်တာပေါ့။

DW ။ ဒီလို မီးခဏခဏပျက်တဲ့ အပေါ် ဘယ်လိုပြောချင်လဲ။

ဖြေ ။ အမှန်အတိုင်းပြောရရင်လေ အခုချိန်မှာလူတွေက မီးနဲ့ပတ်သတ်ပြီး အပြောင်းလဲတစ်ခု ရုတ်တရက် ကြုံလိုက်ရသလို ဖြစ်နေတယ်။ ဟိုးအရင်က မီးမရှိပေမယ့် လူတွေက ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ သိပ်အလုပ်မလုပ်ကြဘူး။ သူဟာနဲ့သူ အဆင်ပြေတယ်။ အခုက မီးလည်းရှိလာတော့ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ လုပ်တာများလာတယ်။ အခုက မီးက ရုတ်တရက် အဲဒီလိုပျက်မယ်လို့ ဘယ်သူမှ တွေးမထားဘူးလေ။ အပြောင်းလဲတစ်ခု ရုတ်တရက်ခံစားလိုက်ရတော့ စိတ်တွေ အဆင်မပြေ ကြတော့ဘူး။ လျှစ်စစ်ကို အသုံးပြုပြီး ချက်တာပြုတ်တာများလာတော့ အဆင်မပြေမှုတွေများလာတာပေါ့ရှင်။ ပတ်ဝန်းကျင်က လူတွေ ကြည့်ရတာ အခုဒီအပြောင်းအလဲ လက်မခံနိုင်ဘူး။ ဒေါသထွက် စိတ်တိုနေတာချည်းပဲ။ အခုဆို မြို့ပေါ်မှာ ရေတွင်းသိပ်မရှိဘူး။ မီးလာရေတင်ရတယ်။ အိပ်ချိန်မီးလာလို့ ရေမတင်ဖြစ်တော့ ရေမရှိတဲ့ပြဿနာတွေ ကြုံရတာ။

DW ။ ကုမ္ပဏီတာဝန်ရှိသူတွေကို ဘာများပြောချင်တာရှိလဲ။

ဖြေ ။ ကျွန်မအမှန်တိုင်းပြောရင် သူတို့ကို အပြစ်တင်ချင်စိတ်မရှိဘူး။ သူတို့လည်း တမင်လုပ်နေတာ မဟုတ်ဘူးလို့ပဲ ထင်တယ်။ စက်က တကယ်ချို့‌ယွင်းနေလို့ သူတို့လည်း ကြိုးစားပြင်နေတယ်လို့ပြောထားတယ်ထင်တယ်။
သူတို့လည်း အဆင်ပြေမယ့်နည်းတွေ စဉ်းစားပြီးလုပ်နေတယ်ထင်တယ်။ ကျွန်မလေအဲဒီလိုစကားမျိုး မီးမလာလို့ ဒေါသထွက်နေတဲ့ လူတွေရှေ့မှာသွားပြောမိရင် အဆူခံရမလား မသိဘူး။ EPC ဘက်က ပြောပေးနေတယ်ဆိုပြီး။ သူတို့လည်း ပေးချင်မှာပေါ့။ ကျွန်မကိစ္စတစ်ခုကို အကောင်းဘက်ကပဲတွေးချင်တယ်။ negative thinking တွေ မတွေးချင်တော့ဘူး။ positive thinking ပဲများများ တွေးဖြစ်အောင်ကြိုးစားနေတယ်ရှင့်။

DW ။ ကျေးဇူးတင်ပါတယ်။