BREAKING
January 20, 2025

နှစ် ၉၀ နီးပါးရှိလာသည့် မြိတ်မြို့၊ ထားဝယ်စုမီးသတ်တပ်ဖွဲ့ သက်တမ်းရှည်ဆုရရှိ

May 12, 2024

ပုံစာ - ၁၉၃၆ ခုနှစ်က တွေ့ရသည့် ထားဝယ်စုမီးသတ်တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - D.F.B - Myeik

မြိတ်မြို့၊ ထားဝယ်စုမီးသတ်တပ်ဖွဲ့သည် ပြီးခဲ့သည့် မေလ ၅ ရက်က ကျရောက်သည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့တွင် သက်တမ်းရှည်ဂုဏ်ပြုအရန်မီးသတ်တပ်ဖွဲ့ဆုရရှိခဲ့ကြောင်း ယင်းမီးသတ်တပ်ဖွဲ့ထံက သိရသည်။

ယင်းမီးသတ်တပ်ဖွဲ့သည် လွတ်လပ်ရေးမရမီ ၁၉၃၅ ခုနှစ်ကတည်းက ယနေ့အထိ မီးသတ်လုပ်ငန်းများနှင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး သက်တမ်းအားဖြင့် နှစ် ၉ဝ ပြည့်တော့မည်ဖြစ်သည်။

မြိတ်မြို့ ထားဝယ်စု မီးသတ်ကဲ့သို့ ၁၉၃ဝ ခုနှစ်က စတင်ခဲ့သည့် မကွေးတိုင်း ၊ အောင်လံမြို့ အရန်မီးသတ်တပ်ဖွဲ့ နှင့် ၁၉၃၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည် ရန်ကုန်တိုင်း ၊ ဥက္ကံမြို့ အရန်မီးသတ်တပ်ဖွဲ့တို့လည်း သက်တမ်းရှည်ဂုဏ်ပြု အရန်မီးသတ်တပ်ဖွဲ့ဆုများရရှိခဲ့ကြသည်။

ဂုဏ်ပြုဆုရရှိသည့် အရန်မီးသတ်တပ်ဖွဲ့များကို မေလ ၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ၇၈ နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတွင် ဂုဏ်ပြုဒိုင်းဆုတံဆိပ်၊ မှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

မြိတ်မြို့ ၊ ထားဝယ်စုမီးသတ်မှ မီးသတ်လုပ်သက် ၆၂ နှစ်ရှိ အသက် ၈၂ အရွယ် မီးသတ်တပ်ခွဲမှူး ဦးခိုင်ဝင်းကိုလည်း မြိတ်ခရိုင်မီးသတ်က အရန်မီးသတ်တပ်ဖွဲ့လုပ်သက်အရင့်ဆုံးဆု ချီးမြှင့်ခဲ့သည်။

ထားဝယ်စုမီးသတ်တပ်ဖွဲ့သည် မီးသတ်ယာဉ်များ အပြင် လူနာတင်ယာဉ်များဖြင့် လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောက်ရွက်လျက်ရှိပြီး အင်အားကောင်းသည့် မီးသတ်တပ်ဖွဲ့တစ်ခုအဖြစ် ကျော်ကြားသည်ဟု မြို့ခံများထံကသိရသည်။