BREAKING
April 13, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

April 12, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီလ ၆ ရက်မှ ဧပြီလ ၁၂ ရက်အထိ

အင်းတော်နဲ့ ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေသိမ်းယူ

Photo – MOD

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နဲ့ ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေက သိမ်းယူလိုက်ပါတယ်။

စစ်ကိုင်းနဲ့ ကချင်အစပ်က ဗျူဟာကျတဲ့ အင်းတော်မြို့ကို ကချင်တပ် KIA၊ ကျောင်းသားတပ် ABSDFနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ပြီး ၈ လ လောက်အကြာ ဧပြီလ ၇ရက်မှာ သိမ်းယူနိုင်ခဲ့တာပါ။ မြို့မှာ အခိုင်အမာ ဆောက်ထားတဲ့ စစ်ကောင်စီ တပ်မ ၇၇ ရှေ့တန်းဌာနချုပ် ဂျပန်လှိုဏ်ဂူနဲ့ ဘုရားကုန်းတွေကို သိမ်းယူခဲ့တာပါ။

စခန်းစွန့် ထွက်ပြေးတဲ့ တပ်မ ၇၇ တပ်မမှူးအပါအဝင် တပ်ဖွဲ့ဝင်တစ်ရာကျော်ကို ဖမ်းမိပြီး ဟောင်ဝစ်ဇာ လက်နက်ကြီး နှစ် လက်၊ ၁၂၀ မမ နှစ်လက်အပါအဝင် လက်နက်ခဲယမ်းတွေ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ ခုခံခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုများသလို တော်လှန်ရေးအင်အားစုဘက်လည်း သေဆုံးမှုရှိခဲ့ပါတယ်။

ဖလမ်းမြို့ကို ချင်းလက်နက်ခြောက်ဖွဲ့နဲ့ ဖွဲ့ထားတဲ့ ချင်းညီနောင်အဖွဲ့ (CB) က စတင်တိုက်ခိုက်ပြီး ၅လခန့်အကြာ ဧပြီ ၇ရက် မှာ သိမ်းယူနိုင်ခဲ့တာပါ။ နောက်ဆုံးကျန်တဲ့ စစ်ကောင်စီ ခလရ ၃၆၈ကို သိမ်းယူပြီးမြို့ကို ထိန်းချုပ်နိုင်ခဲ့တာပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေ သိမ်းယူထားတာ မြို့ ၉၅ မြို့ထက်မနည်းရှိလာပြီလည်း ဖြစ်ပါတယ်။

……………………………………..

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တစ်ရက်တည်း အရပ်သား ၄၀နီးပါးသေဆုံး

ပုံစာ – နမ်းခမ်းရွာ ဧပြီလ ၉ရက်မှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ အခြေအနေ။

ငလျင်ဘေးဒဏ်ကြောင့် အပစ်အခတ်ယာယီရပ်စဲကြောင်း ကြေညာထားတဲ့ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ဧပြီလ ၉ရက် တစ်ရက်တည်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင် လူ ၄၀ နီးပါး သေဆုံးခဲ့ပါတယ်။

အဲဒီထဲက စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာမှာ လူသေဆုံးမှု အများဆုံးဖြစ်ခဲ့ပါတယ်။ ဂျက်တိုက်လေယာဉ်နဲ့ လေးကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၂၆ဦးသေဆုံးပြီး ၂၂ဦး ဒဏ်ရာတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်ပါတယ်။ အင်းတော်မြို့ သိမ်းယူခံရပြီး ၂နှစ်အကြာမှာပဲ ထိတွေ့တိုက်ပွဲမရှိတဲ့ နမ်းခမ်းရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပေါင် ၃၀၀၊ ၅၀၀၊ Cluster လို့ ယူဆရတဲ့ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ ပါဝင်တယ်လို့ NUG က ဆိုပါတယ်။

အလားတူ ဖလမ်းမြို့ သိမ်းယူခံရပြီး နှစ်ရက်အကြာ တီးတိန်နဲ့ မင်းတပ်မြို့နယ်တွေမှာကိုလည်း တိုက်ပွဲ မဖြစ်ဘဲ ဧပြီလ ၉ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၂ဦးသေဆုံး တယ် လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ချောင်းဦး၊ မင်းကင်း၊ မန္တလေးတိုင်း ထဲက မတ္တရာ၊ ကရင်ပြည်နယ် လူသောမြို့နယ်၊ ရှမ်းပြည်နယ် နောင်ချို၊ ညောင်ရွှေမြို့နယ် တွေမှာလည်း လေကြောင်းတိုက်ခိုက်ခံရတာ ကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးခဲ့ပါတယ်။

ငလျင်လှုပ်ခတ်တဲ့ မတ်လ ၂၈ရက်ကနေ ဧပြီလ ၈ရက်အထိ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု တွေကြောင့် အရပ်သားပြည်သူ ၇၀ ကျော်သေဆုံးတယ်လို့လည်း NUG က ထုတ်ပြန်ပါတယ်။ အပစ်အခတ်ရပ်ဆိုင်းမှုကို ချိုးဖောက်တယ်လို့ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်းအားစုတွေ အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေပြီး ကုလသမဂ္ဂကတော့ ငလျင်ဘေးကိုပဲ အာရုံစိုက်ရမယ့် အချိန်ဖြစ်တာကြောင့် အပစ်အခတ် ရပ်ကြဖို့ တိုက်တွန်းထားပါတယ်။

……………………………………..

ငလျင်ကြောင့် သေဆုံးသူ ၃၇၀၀နီးပါးရှိလာ၊ ကူညီရေးအဖွဲ့တွေ ကန့်သတ်ခံရ

Photo – AP

ငလျင်ကြောင့် သေဆုံးသူ ၃၇၀၀ နီးပါးရှိလာပြီး ဒဏ်ရာရသူ ငါးထောင်ကျော်နဲ့ ပျောက်ဆုံးသူ ၁၄၀ နီးပါးရှိတယ်လို့ စစ်ကောင်စီက ဧပြီလ ၁၁ ရက်က သတင်းထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် ပြိုကျနေတဲ့ အဆောက်အအုံတချို့မှာ ဧပြီလ ၁၂ ရက်အထိ ရုပ်အလောင်းတွေ တွေ့ရှိနေဆဲလည်း ဖြစ်ပါတယ်။ ဒါကြောင့် သေဆုံးသူ အရေအတွက်ဟာလည်း ဆက်လက် မြင့်တက်နေဆဲဖြစ်ပါတယ်။ NUG စာရင်းအရတော့ နေအိမ်အဆောက်အုံ သုံးသောင်းနီးပါး ပျက်စီးတယ်လို့ သိရပါတယ်။

မြန်မာ့ငလျင်ဘေး လာရောက်ရှာဖွေကယ်ဆယ်ရေးလုပ်တဲ့ ပြည်ပနိုင်ငံတချို့က ကယ်ဆယ်ရေးအဖွဲ့တွေ ယခု သီတင်းပတ် အတွင်း ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ နောက်ဆက်တွဲငလျင်တွေ ဆက်လက်လှုပ်ခတ်နေဆဲ ဖြစ်တဲ့အပြင် မိုးရွာသွန်း တာတွေကြောင့် ငလျင်ဒဏ်သင့် ပြည်သူတွေ နေထိုင်ရေး အခက်အခဲတွေ ရှိနေသလို ငလျင်ဒဏ် ခံရတဲ့ အဆောက်အအုံတွေ ပြုပြင်ဖို့၊ ဖြိုဖျက်ဖို့လည်း စရိတ်တွေကြီးမြင့်နေတာကြောင့် ပြည်သူတွေ အခက်အခဲများစွာ ကြုံနေရပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေကို သွားရောက်ကူညီမယ့် ပရဟိတအဖွဲ့တွေ စစ်ကောင်စီရဲ့ ခွင့်ပြုချက်ယူရတာ၊ လွတ်လွတ် လပ်လပ် လုပ်ခွင့်မပေးဘဲ တာဆီးမှုတွေရှိနေတာကြောင့် ကူညီကယ်ဆယ်ရေး အခက်ခဲအခဲတွေ ကြုံတွေ့နေရပါတယ်။ ပြည်ပက လာရောက်သတင်းယူခွင့် ပိတ်ပင်ထားသလို အလည်အပတ်ဗီဇာကိုလည်း ပိတ်ခဲ့တာကြောင့် စစ်ကောင်စီက သတင်းအမှောင်ချဖို့ ကြိုးပမ်းနေတာလို့ ဝေဖန်မှုတွေရှိနေပါတယ်။

……………………………………..

နယ်မြေအငြင်းပွားမှု KIA နဲ့ TNLA ညှိနှိုင်းမှုစတင်

ပုံစာ – KIA နဲ့ TNLA နယ်မြေအငြင်းပွားရာမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ့ လက်ဝှေ့ထိုး ဖြေရှင်းကြစဉ် (ပုံဟောင်းဖြစ်ပါတယ်)။

ကချင်တပ် KIA နဲ့ တအာင်းတပ် TNLA တို့အကြား နယ်မြေအငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ နှစ်ဖက်ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းမှု စတင်နေပြီလို့ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောပါတယ်။

အခုတွေ့ဆုံမှုဟာ ဗဟိုကော်မတီအဆင့် မဟုတ်သေးဘဲ နှစ်ဖက်ဗဟိုကော်မတီတွေ တွေ့ဆုံမယ့်နေရာ၊ အချိန်၊ ဘယ်လို တွေ့ကြမယ်ဆိုတာတွေကို ညှိနှိုင်းနေကြတာလို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မီဒီယာတချို့မှာ ပြောဆို ထားပါတယ်။ မန်တုံ၊ နမ့်ခမ်း၊ နမ့်ဖက်ကာ၊ မုံးကိုး စတဲ့နေရာတွေမှာ နှစ်ဖက်နယ်မြေအငြင်းပွားမှုတွေ ရှိနေပြီး မတ်လ ၇ရက်က ကွတ်ခိုင်မြို့မှာ ရှိတဲ့ KIA ဆက်ဆံရေးရုံးကို TNLA က ဝင်ရောက်စီးနင်းရာကနေ နှစ်ဖက်တင်းမာမှု ပိုမိုမြင့်တက်လာပါတယ်။

……………………………………..

ငလျင်ဒဏ်ကြောင့် ရွေးကောက်ပွဲ အပြောင်းအလဲမရှိ၊ ဒီဇင်ဘာ ကျင်းပမယ်

ပုံစာ – UEC နှင့် နိုင်ငံရေးပါတီတွေ တွေ့ဆုံစဉ် (ပုံဟောင်း) Photo – UEC

မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ကိုအပြင်းအထန် ခံစားခဲ့ရပြီး ပြန်လည်ထူထောင်ရေးတွေ အချိန်ယူ လုပ်ဆောင်ရမှာဖြစ်ပေမယ့် စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို မူလအစီအစဉ်အတိုင်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလထဲမှာ ကျင်းပမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ဧပြီလ ၉ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါကြောင့် ပါတီမှတ်ပုံတင်တာ၊ ပါတီတွေကို ပူးပေါင်းတည်ထောင် တာတွေကို မေလ ၉ရက် နောက်ဆုံးလျှောက်ထားဖို့ ကြေညာထားပါတယ်။ လက်ရှိမှာ နိုင်ငံရေးပါတီတည်ထောင်ဖို့ လျှောက်ထားတဲ့ ပါတီ ၇၁ ခုရှိတယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်မှုဖြစ်ပြီးနောက် ဧပြီလ ၃ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ BIMSTEC အစည်းအဝေးလာတက်ချိန်မှာလည်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အပြောင်းအလဲမရှိ ဆက်ကျင်းပမယ်လို့ ပြောဆိုခဲ့ပါတယ်။

……………………………………..

မြန်မာ့ငလျင်ဘေး ပြည်ပအကူအညီ ကန်ဒေါ်လာသန်းသုံးရာကျော်ရှိလာ

Photo –  Embassy of India,Yangon

မြန်မာ့ငလျင်ဘေး ပြည်ပနိုင်ငံတွေ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း စုစုပေါင်း ၃၀ ကျော်က ငွေကြေးထောက်ပံ့ကူညီမှု အမေရိကန်ဒေါ်လာ ၃၀၆ သန်းကျော် ရှိလာပါတယ်။

ဒါ့အပြင် ကယ်ဆယ်ရေးပစ္စည်းတွေ၊ လူသားချင်းစာနာတဲ့အကူအညီတွေ တန် ထောင်ချီကူညီခဲ့ကြသလို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ ဆေးဝါးကုသရေးအဖွဲ့တွေ စေလွှတ်ကူညီခဲ့ကြပါတယ်။ ငွေကြေးကူညီမှုထဲမှာ တရုတ်က အများဆုံးဖြစ်ပြီး ကန်ဒေါ်လာ သန်း ၁၅၀ ကျော်ရှိပါတယ်။ ဒုတိယအများဆုံး ယူကေနိုင်ငံက စတာလင်ပေါင် ၂၅သန်း၊ ကုလသမဂ္ဂက ကန်ဒေါ်လာ ၂၂ သန်း ရှိပါတယ်။

……………………………………..