BREAKING
April 13, 2025

ရေဖြူတွင် စစ်ကြောင်းထိုးချိန် ဝက်ချောင်းရွာသားတစ်ဦး ဖမ်းဆီးခံရ

April 12, 2025

ပုံစာ - ဝက်ချောင်း-ပုဂေါဇွန်းလမ်း တစ်နေရာ (ပုံဟောင်း)

ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဧပြီလ ၈ ရက် ညနေပိုင်းတွင် ဝက်ချောင်းရွာသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရော်ဘာတောထဲ၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းနဲ့ တွေ့ရှိကာ အသက် ၃၀ ကျော်အရွယ် ကိုခင်ဇော် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံက အမျိုးသမီးတစ်ဦးက ဆိုသည်။

“သူက ကော်ချေး (ရော်ဘာချေး) ကောက်တဲ့ လင်မယား ပြန်မလာလို့ သွားရှာတာ ကော်ခြေးကောက်တဲ့ လင်မယားကိုရော သူကိုရော စစ်ကြောင်းကတွေ့ပြီး ဖမ်းလိုက်တယ်။ ကော်ခြေးကောက်တဲ့ လင်မယားက ပြန်လွတ်လာပြီး သူကတော့ အခုထိ ပြန်မလွတ်လာသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

ကော်ချေး ကောက်သည့် ဇနီးမောင်နှံ နှစ်ဦးမှာ ဧပြီလ ၉ ရက်တွင် ပြန်လွတ်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။

အင်အား နှစ်ရာနီးပါးရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ဧပြီလ ၇ ရက်တွင် လဲရှောင်ရွာမှ ခမောင်းချောင်းရွာဘက်သို့ စစ်ကြောင်းထိုးသောကြောင့် ဧကနိ၊ ခမောင်းချောင်း၊ ဝက်ချောင်းကျေးရွာများမှ ဒေသခံများ ထွက် ပြေးတိမ်းရှောင်ခဲ့ကြရ သည်။

“စစ်ကြောင်းက ရွာထဲကိုတော့ မဝင်ဘူး။ ရွာပြင်ကတောထဲမှာပဲ လေးရက်လုံးလုံး ရှိနေတယ်။ ဒီနေ့ကျတော့ ပြန်ထွက် သွားပြီ။ ဒေသခံတချို့တော့ ရွာထဲ ပြန်ဝင်နေကြတာရှိတယ်။ တချို့ကလည်း ပြန်မဝင်ကြသေးဘူး” ဟု အထက်ပါ ဒေသခံအမျိုးသမီးကပြောသည်။

စစ်ကြောင်း ဝက်ချောင်းရွာအနီးမှ ထွက်ခွာလာခဲ့ပြီးနောက် ယနေ့ ဧပြီလ ၁၂ရက် နံနက် ၉ နာရီခန့်တွင် နဘုလယ်ဒေသ ကျေးရွာများဖြစ်သည့် ထိန်ကြီးနှင့် လဲရှောင်ကျေးရွာ၏ ဘုန်းကြီးကျောင်းများတွင် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ တပ်စွဲထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ယနေ့ နံနက် စစ်ကြောင်းထိုးလာချိန်ဖမ်းဆီးခဲ့သည့် လဲရှောင်နှင့် ထိန်ကြီးရွာ ဒေသခံ သုံးဦးကိုမူ စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့ပြီး ဝက်ချောင်းရွာသားကိုမူ ယနေ့ ညနေပိုင်းအထိ ပြန်မလွတ်ပေးသေးကြောင်း ဒေသခံများက ပြောသည်။