အီရန်အဏုမြူလက်နက်အရေးနှင့် ပတ်သက်သည့် အီရန်-အမေရိကန် နှစ်နိုင်ငံအရေးကြီးဆွေးနွေးပွဲတစ်ရပ်ကို အိုမန်နိုင်ငံ မြို့တော်မတ်စကက်တွင် ယနေ့ စတင်မည် ဖြစ်သည်။
ဆွေးနွေးပွဲရလဒ် သဘောတူညီချက်မရလျှင် အမေရိကန်က စစ်ရေးအင်အားအသုံးပြုမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ထားသည်။
အမေရိကန်၏ မည်သည့်တိုက်ခိုက်မှုမဆို အရှေ့အလယ်ပိုင်းတွင် ပိုမိုကြီးမားသည့် စစ်ပွဲတစ်ပွဲ ဖြစ်လာစေလိမ့်မည်ဟု အီရန်ဘက်ကလည်း သတိပေးထားသည့်အချိန်တွင် ယခုဆွေးနွေးပွဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ဦးဆောင်သည့် အီရန်ကိုယ်စားလှယ်အဖွဲ့သည် အိုမန်နိုင်ငံ မြို့တော် မတ်စကက်မြို့သို့ ရောက်ရှိနေပြီးဖြစ်သည်ဟု အီရန်သတင်းဌာန IRNA က ဆိုသည်။
အီရန်ဘက်က ယခုဆွေးနွေးပွဲတွင် အမေရိကန်နှင့် တိုက်ရိုက်မဟုတ်ဘဲ ကြားခံလူမှတစ်ဆင့်သာ သွယ်ဝိုက်ဆွေးနွေးမည်ဟု ဆိုသည်။
သို့သော်လည်း ယခုဆွေးနွေးပွဲသည် အီရန်နှင့် အမေရိကန်အကြား ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု ဖြစ်လာနိုင်သည်ဟု CNN သတင်းဌာနက ဖော်ပြသည်။
ပြီးခဲ့သည့် နှစ်နှစ်နီးပါးကာလအတွင်း အရှေ့အလယ်ပိုင်းဒေသအတွင်း အီရန်၏ မဟာမိတ်များကို အစ္စရေး၏ တိုက်ခိုက်မှု ၊ အီရန်၏ မဟာမိတ်ဖြစ်သူ ဆီးရီးယားအာဏာရှင် ဘာရှာအာဆတ်ဖြုတ်ချခံလိုက်ရမှု ၊ အီရန်နိုင်ငံအတွင်းမှာပင် မကြုံစဖူးတိုက်ခိုက်မှုများ ရင်ဆိုင်လာရမှုတို့ကြောင့် အီရန်၏ ဒေသတွင်း ဩဇာကျဆင်းလာနေချိန်တွင် ယခု ဆွေးနွေးပွဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အီရန်အနေဖြင့် ၎င်း၏ အဏုမြူလက်နက်စီမံကိန်းကို လျှော့ချရန် (သို့မဟုတ်) လုံးဝစွန့်လွှတ်ရန် နှစ်လအတွင်း
သဘောတူရမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖိအားပေးထားသည်။
“သူတို့မှာ အဏုမြူလက်နက်တစ်ခု ရှိလာမှာ မလိုချင်ဘူး။ အီရန်ကို အံ့အားသင့်စရာကောင်းတဲ့ ၊ ကြီးကျယ်တဲ့ ၊ ပျော်ရွှင်တဲ့ နိုင်ငံတစ်ခု ကျွန်တော် ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ သူတို့မှာ အဏုမြူလက်နက်တော့ ရှိလို့ မရဘူး”ဟု အမေရိကန်သမ္မတထရမ့်က သောကြာနေ့ညက ပြောခဲ့သည်။
ယခုဆွေးနွေးပွဲအတွင်း သဘောတူညီချက်တစ်စုံတစ်ရာမရလျှင် အမေရိကန်အနေဖြင့် အီရန်ကို တိုက်ခိုက်သွားနိုင်ခြေရှိကြောင်း ထရမ့်က ဆိုသည်။ အီရန်ကို တိုက်ခိုက်ရန် ထောက်ခံလှုံ့ဆော်လျက်ရှိသည့် အစ္စရေးက အဆိုပါ တိုက်ခိုက်မှုကို ဦးဆောင်သွားမည်ဟု ၎င်းက ဆိုသည်။
အီရန်ဘက်ကမူ ၎င်းတို့ ဖိအားပေးခံရသည့်အခြေအနေတွင် ဆွေးနွေးမည်မဟုတ်ဟု ထပ်တလဲလဲ တုံ့ပြန်ထားသည်။
အီရန်အစိုးရအပေါ် ခြိမ်းခြောက်သည့် အသုံးအနှုန်း ၊ အီရန်၏ အဏုမြူလက်နက်စီမံကိန်းနှင့် ပတ်သက်သည့် မမျှတသည့် တောင်းဆိုမှု ၊ အီရန်၏ ပဲ့ထိန်းဒုံးစီမံကိန်းနှင့် ကာကွယ်ရေးကဏ္ဍအပေါ် မမျှတသည့် တောင်းဆိုမှုတို့ကို ဆွေးနွေးပွဲအတွင်း လက်ခံမည်မဟုတ်ဟု အီရန်ဘက်က ထုတ်ပြန်ထားသည်။
အီရန်၏ ပဲ့ထိန်းဒုံးအစီအစဉ်ကို ၎င်းတို့၏ လုံခြုံရေးကို ခြိမ်းခြောက်သည့်အရာအဖြစ် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏ မဟာမိတ်များက ရှုမြင်လျက်ရှိသည်။
Source: CNN