ထားဝယ်မြို့ အိမ်ဆောက်ပစ္စည်း စျေးကွက်အတွင်း၌ ဘိလပ်မြေစျေး အနည်းငယ်တက်နေပြီး စျေးမငြိမ်သဖြင့် ဆိုင်အချို့အရောင်းရပ်ထားကြောင်း ဆောက်လုပ်ရေးပစ္စည်း ရောင်းချသူများထံမှသိရသည်။
မတ်လ ၂၈ ရက် က မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ကုန်သွယ်ရေးလမ်းကြောင်းအချို့ ပြတ်တောက်သွားသဖြင့် ပစ္စည်းပြတ်လပ်သွားပြီးနောက် ဘိလပ်မြေစျေး တက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည် ။
ငလျင်မလှုပ်ခတ်မီ ထားဝယ်စျေးကွက်တွင် ကြံနှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ၃၂၀၀၀ ကျပ် စျေးနှုန်းရှိရာမှ ယခုလက်ရှိတွင် ၃၈၀၀၀ ကျပ် စျေးရှိကြောင်း ထားဝယ်မြို့ က ဆောက်လုပ်ရေးသုံးပစ္စည်း ဆိုင်ပိုင်ရှင် တစ်ဦးကပြောသည် ။
“ပစ္စည်းက စျေးကွက်ထဲမှာ ပေါပေါလောလောတော့မရှိဘူး ။ ရှိသလောက်ကိုတော့ရောင်းပေးနေတယ် ။ ကြံ့နှစ်ကောင်ဘိလပ်မြေ တစ်မျိုးပဲရှိတယ် ။ အခြားတံဆိပ်တွေ မဝင်လာကြတော့ဘူး ။ ကြံ့နှစ်ကောင်တံဆိပ်တောင် ငလျင်လှုပ်အပြီးမှာ စျေးနည်းနည်း တက်သွားတယ် “ ဟု ၎င်းကပြောဆိုသည် ။
မြိတ်ခရိုင်တွင်မူ ဘိလပ်မြေအခက်အခဲကြောင့် ကော့သောင်းမြို့ဘက်မှ ရေလမ်းဖြင့် ဘိလပ်မြေတင်သွင်းမှု ပြုလုပ်ပြီးနောက် စျေးအနည်းငယ်ပြန်ကျနေကြောင်း ဆောက်လုပ်ရေးပစ္စည်း ရောင်းသူများကဆိုသည် ။
“စျေးက နည်းနည်းပြန်ကျနေတယ်။ ဘိလပ်မြေရှားတုန်းက သုံးသောင်းကျော်သွားတယ် ။ ကော့သောင်းဘက်က ပြန်တင်သွင်းခွင့်ပြုလိုက်တော့ အခုလက်ရှိ သုံးသောင်းအောက်ကို ပြန်ကျနေတယ် ။ ဒါပေမဲ့ တံဆိပ်အစုံမရဘူး ။ ဆင်နဲ့ အယ်ဖာ တံဆိပ်ပဲရှိတယ် ” ဟု မြိတ်မြို့က အိမ်ဆောက်ပစ္စည်း ဆိုင်ပိုင်ရှင် တစ်ဦးကပြောသည် ။
ကော့သောင်းမြို့တွင်လည်း ဘိလပ်မြေကို ရေလမ်းမှတင်သွင်းနေပြီး ဆင်တံဆိပ် ဘိလပ်မြေ တစ်အိတ်လျှင် ထိုင်းဘတ်ငွေ ၁၅၀ ဝန်းကျင်ဖြင့် ဝယ်ယူရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းဆောင်ရွက်နေသူများထံမှသိရသည် ။