BREAKING
April 16, 2025

ကျိန်စာသင့်နေတာလား မြန်မာ့သင်္ကြန်

April 12, 2025

ခပ်သော့သော့ဧပြီမိုးက ကလူကျီစယ်လိုက်တော့ ပျိုပျိုအိုအို ပိတောက်ပင်တွေထက် ရွှေဝါရောင်ပန်းပိတောက်တို့ တစ်ကျော့ပြန်တောက်ပလာပြန်ပြီ။

လေယူရာယိမ်းနေကြတဲ့ ပန်းပိတောက်တို့ရဲ့ ညှို့ငင်ရာဆီ ပျားပိတုန်းတို့ စုပြုံရောက်လာကြသလို ဆယ်ကျော်သက်လူပျိုပေါက်လေးတွေကလည်း အဖွဲ့လိုက်ရောက်ချလာကြပြီး သူ့ထက်ငါပြိုင် အလှဆုံးအခက်ကို ရအောင်ခူးနေကြတဲ့ မြင်ကွင်းက ကြည်နူးစရာအတိ။

အပျိုမလေး‌တွေရဲ့ဆံနွယ်ကြား ဖြည်းညင်းစွာ ဘယ်ညာယိမ်းနွဲ့ရင်း လိုက်ပါနေတဲ့ ရွှေဝါရောင်ပိတောက်ပန်းကို မြင်ရပြန်တော့လည်း အမြင်တင့်လို့နေပြန်ပါတယ်။

ထားဝယ်ဟာ ဒီနှစ်မိုးအဝင်စောတော့ ပိတောက်ပွင့်တာလည်းစောတယ်။ သင်္ကြန်ရဲ့အလှတရားတွေကို စောစောခံစားခွင့်ရခဲ့တယ်။

ရိုးရှင်းလှတဲ့ ဒီအလှတရားတွေကြားမှာ သင်္ကြန်ရဲ့ အနှစ်သာရကို နစ်မြုပ်မှေးမှိန်စေတဲ့ အရိပ်တစ်ခု လွှမ်းမိုးခံထားရတာကတော့ ကြေကွဲဝမ်းနည်းစရာပါပဲ။

ကလေးတွေမှာ သင်္ကြန်အခါဆို‌ပေမယ့် လွတ်လပ်ပေါ့ပါးစွာ ပျော်ခွင့်မရကြ။ သင်္ကြန်နားနီးပြီဆို တစ်ခုမဟုတ်တစ်ခုတော့ ဘေးဆိုးကြုံရတတ်စမြဲ။

လူ့ပြည်ဆင်းလာတဲ့ သိကြားမင်းကများ လူသားတွေကို လက်ဆောင်ပေးဖို့ ဒီ‌ဘေးဒုက္ခမျိုးစုံ သယ်လာသလား အောက်မေ့ရတယ်။

အခုလည်း သင်္ကြန်းနားနီးခါမှ ငလျင်တဲ့။ ရာထောင်ချီတဲ့လူ့အသက်တွေကို နုတ်ယူလိုက်တာများ အလောင်း‌ပေါ်‌အလောင်းဆင့်လို့။

ကယ်ပါ၊ ကူပါ အော်သံတွေကြားထဲ ဝမ်းနည်းပူဆွေးသောကရောက်နေတဲ့ နှလုံးသားတွေနဲ့ သင်္ကြန်ကိုဘယ်လိုပျော်နိုင်ပါတော့မလဲ။

တစ်ချို့ကတော့ ကျိန်စာသင့်နေတဲ့ မြန်မာပြည်သင်္ကြန်ကိုကျောခိုင်းပြီး ထိုင်းသင်္ကြန်ဝင်နွှဲဖို့ ပြင်ဆင်နေကြသူတွေ ဒီနှစ်တော်တော်များတယ်။

ဘယ်လောက်အထိလဲဆိုရင် ကော့သောင်းကိုဆင်းမယ့် လေယာဉ်လက်မှတ်တောင် လချီပြီး အော်ဒါကြိုတင်ထားကြရတာ။ ဒါတောင် လေယာဉ်လက်မှတ်မရတော့လို့ မသွားရလို့ တငိုငိုတစ်ရီရီဖြစ်ကျန်ခဲ့သူတွေ ဒုနဲဒေး။

ကုန်းလမ်းကနေ သွားဖို့က ထားဝယ်-ကော့သောင်းလမ်းပိုင်းမှာ တိုက်ပွဲတွေရက်ဆက်ဖြစ်နေတော့ လေကြောင်းကို အလုအယက်တိုးနေကြတာလည်းပါတယ်။ ကားလမ်းကနေသာ သွားလို့ရရင် ဘယ်လောက်တောင် သွားကြမလဲမသိဘူး။

ဘာဖြစ်လို့လဲဆိုရင် လေယာဉ်နဲ့ ကော့သောင်းကိုသွားရတာက ငွေကုန်ကြေးကျများတဲ့အပြင် အစစ်အဆေးလည်း တင်းကြပ်ထားပါသေးတယ်။

ထားဝယ် ကော့သောင်းလေယာဉ်လက်မှတ်တစ်စောင် ကျပ်ငါးသိန်းလောက်ပေးရပြီး ထားဝယ်ခရိုင်မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေဆိုရင် ကော့သောင်းလေဆိပ်မှာ အရမ်းအစစ်အဆေးတင်းကြပ်ပါတယ်။

ကော့သောင်းဒေသခံကိုယ်တိုင်က အာမခံပြီး လာကြိုပေးမှ လေဆိပ်ထဲကထွက်နိုင်တာမျိုး။ အကြောင်းပြချက် မယ်မယ်ရရမပေးနိုင်ရင် ဆွဲစိခံရနိုင်ပါတယ်။

ကော့သောင်းရောက်ရင်တော့ ထိုင်းနိုင်ငံထဲ ၇ ရက်နေခွင့်ရတဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖိုး တစ်ယောက်ကို ထိုင်းဘတ် ၅၀၀ ပေးပြီး ရနောင်းမြို့ကို ပဲ့ချိတ်လှေကလေးတွေနဲ့ ကူးကြပါတယ်။

ထားဝယ်၊ မြိတ်၊ ကော့သောင်းဒေသခံတွေအများစုကတော့ အဲဒီလမ်းကြောင်းနဲ့ ထိုင်းသင်္ကြန်ဝင်ရောက် ဆင်နွဲကြတာပါ။

မနှစ်တုန်းက ကော့သောင်းဒေသခံလူငယ်တွေ ရနောင်းသင်္ကြန်မှာကဲနေတဲ့ ရုပ်သံတွေ လူမူကွန်ရက်မှာပေါ်ထွက်လာတာကြောင့် ဒီနှစ်မှာတော့ ထားဝယ်၊ မြိတ်က လူငယ်တွေ ထိုင်းသင်္ကြန်ကို ပိုစိတ်ဝင်းစားလာကြဟန် တူပါတယ်။

သူငယ်ချင်းတွေအဖွဲ့လိုက် သွားကြတာရှိသလို ကုမ္ပဏီကနေ နှစ်သစ်ကူး အားလပ်ရက် ခရီးစဉ်အနေနဲ့ ထိုင်းသင်္ကြန်လိုက်ပို့ကြတာတွေ‌ ပိုခေတ်စားလာကြတယ်။

ငလျင်ကြောင့် ထိုင်းသင်္ကြန်ခရီးစဉ် ဖျက်ချင်တဲ့သူတွေရှိပေမယ့် စရန်ငွေပြန်မရတော့လို့ သွားဖြစ်သွားတဲ့သူတွေလည်း ရှိတယ်လို့ကြားရတယ်။

ထိုင်းသင်္ကြန်က ဧပြီ ၁၂ ၊ ၁၃ ရက်တွေကတည်းက စည်ကားတာဆိုတော့ ဧပြီ ၁၀ ရက်လောက်ကစပြီး ရနောင်းမြို့ထဲကို တစ်ဖွဲဖွဲရောက်လာကြတယ်လို့ ဆိုတယ်။

မြန်မာသင်္ကြန် မကျင်းပဖြစ်ဘူးဆိုတော့ ထိုင်းနိုင်ငံ သင်္ကြန်ကပိုပြီး စည်ကားမယ့်အခြေအနေ ဖြစ်သလို ထိုင်းအစိုးရကလည်း သင်္ကြန်ကိုအကြောင်းပြုပြီး ခရီးသွားဧည့်သည်တိုးအောင်လုပ်ဖို့ စီစဉ်ထားပါတယ်။

အခုလို ပြည်တွင်းမှာ စစ်ဘေး၊ ငလျင်ဘေးတစ်ပြိုင်တည်း ဘေးဒုက္ခပေါင်းစုံဖြစ်နေတဲ့အချိန် ထိုင်းသင်္ကြန်သွားရကောင်းလားလို့ အပြစ်တော့မတင်ရက်ပါဘူး။

လူဆိုတာ စိတ်ထွက်ပေါက်ရှာတတ်တဲ့သူမျိုး မဟုတ်လား။ ပျော်တဲ့အချိန်ပျော်ကြ ငိုရမယ့်အလှည့်ရောက်ရင်လည်း ငိုလိုက်ကြတာပဲပေါ့။

သင်္ကြန်အချိန် မပျော်ချင်တဲ့သူဆိုတာရှိပါ့မလား။ မပျော်ချင်ဘူးလို့ပြောတဲ့သူရှိရင် လိမ်ပြောတာပဲဖြစ်ပါလိမ့်မယ်။

မြန်မာနိုင်ငံကတော့ သင်္ကြန်ကို သင်္ကြန်နဲ့တူအောင် မကျင်းပနိုင်ခဲ့တာ၊ သင်္ကြန်လို ပျော်ခွင့်မရခဲ့တာ အခုဆို ၅ နှစ်နီးပါးတောင် ရှိလာပြီပဲလေ။

ကိုဗစ်ကြောင့် ၂၀၂၀ မှာ သင်္ကြန်မနွှဲခဲ့ကြရသလို ၂၀၂၁ ကတော့ အာဏာကိုဆာလောင်ငတ်မွတ်နေတဲ့ စစ်မိစ္ဆာတွေရဲ့လက်ချက်နဲ့ သင်္ကြန်ဟာသွေးစွန်းခဲ့ရတယ်။

လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တွေ ပြည်သူ့အာဏာကို အဓမ္မလုယူသွားခဲ့တာဟာ သင်္ကြန်ပွဲတော်ရောက်ဖို့ နှစ်လကျော်ကျော်လေးပဲ လိုတော့တဲ့အချိန်။

လူစုလူဝေးလုပ်ရင်တောင် ကြက်ကလေး၊ ငှက်ကလေးတစ်‌ကောင်လို ပစ်သတ်ခွင့်ပေးထားတဲ့ စစ်အုပ်ချုပ်ရေး ( Martial Law) အမိန့်ကိုထုတ်ပြန်ခဲ့တာဟာ သင်္ကြန်ကျဖို့ တစ်လလောက်ပဲလိုတော့တဲ့ မတ်လထဲမှာပါ။

ထားဝယ်ဆေးရုံကြီးထဲ၊ အထက ၁ ကျောင်းဝင်းထဲ၊ ရွှေတောင်စားစေတီဝင်းထဲ စစ်ဖိနပ်တွေ ပြည့်နေတော့ ကလေးတွေ သင်္ကြန်ဆော့တဲ့ ရေသေနတ်ဆီ မျက်စောင်းမထိုးရဲလောက်အောင်ပါပဲ။

ရုတ်တရက်ကြီး စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ တနင်္သာရီတိုင်းထဲက ပုလောနှင့် တနင်္သာရီမြို့နယ်‌တွေမှာဆို သင်္ကြန်အချိန် လူတွေလမ်းပေါ်တောင် မထွက်ရဲကြတဲ့အထိ။

ကိုဗစ်ကပ်ဘေးကြောင့် မွန်းကြပ်နေတဲ့စိတ်တွေကို အတာရေနဲ့ဆေးဖို့အားခဲထားတဲ့ တောင်ပိုင်းတိုင်းလူထုကြီးက‌တော့ မဏ္ဍပ်မထိုး၊ ရေမပက်ကြတော့ဘဲ အတာအိုးခေါင်းပေါ်ရွက်လို့ ရေမစိုသင်္ကြန်၊ တော်လှန်သင်္ကြန် ကြွေးကြော်တိုက်ပွဲဝင်ခဲ့ကြ၊ အသက်တွေစတေးကြ၊ ထောင်နန်းစံကြ။

သင်္ကြန်ကျိန်စာဟာ ဆိုးသထက်ဆိုးလာခဲ့ပြီ။

၂၀၂၂ ကျတော့ စစ်မိစ္ဆာတွေဟာ သင်္ကြန်ကို နိုင်ငံရေးအကျိုးအမြတ် တွက်ချက်ပြီး ဖုတ်‌ကောင်အသက်သွင်းသလို ကျင်းပလာပြန်ပါတယ်။

မြို့ရွာ၊ ရပ်ကွက်တွေကို သူတို့ထိန်းချုပ်ထားနိုင်ကြောင်း၊ လူရာဝင်ကြောင်းပြချင်တဲ့ စစ်ကောင်စီရဲ့သင်္ကြန်ဟာ အနှစ်သာရမဲ့လို့။

တော်လှန်သူတွေကလည်း သွေးချောင်းစီးနေတဲ့တိုင်းပြည်မှာ ပျော်ပွဲရွှင်ပွဲတွေမလုပ်ကြဖို့ နှိုဆော်တိုက်တွန်းကြတယ်။

ဒေသတွင်းက တော်လှန်ရေးအဖွဲ့တချို့ဆိုရင် ပျော်ပွဲရွှင်ပွဲတွေမလုပ်ကြဖို့ သင်္ကြန်နားကပ်ပြီး ထုတ်ပြန်ချက်တွေတောင် အသီးသီးတရားဝင်ထုတ်ပြန်ခဲ့ကြတာ မှတ်မိသေးတယ်။

မြို့ခံတွေရဲ့ နှစ်နှစ်တာ သင်္ကြန်အောင့်လုံးဟာ အဲဒီနှစ်က စနက်တံ ပြုတ်ဟန်ရှိပေမယ့် ပေါက်ကွဲတဲ့အထိ မဖြစ်ခဲ့ဘူးလို့ဆိုရမယ်။

စစ်ကောင်စီဆောက်ထားတဲ့ ခေတ်အဆက်ဆက် ထားဝယ်မြို့ တိုင်းအစိုးရအဖွဲ့ရုံးနားက ဆောက်လုပ်ရေးသင်္ကြန်မဏ္ဍပ် အနီးအနားမှာတော့ လက်လုပ်မိုင်း‌ပေါက်ကွဲခဲ့တယ်။

သင်္ကြန်းအချိန်နားကပ်ပြီး ကျင်းပတဲ့ နယ်ကျေးရွာတွေက အလှူအိမ်၊ မင်္ဂလာပွဲလိုမျိုး ဘာသာရေးပွဲတွေမှာလည်း ပေါက်ကွဲမှုတွေဖြစ်တယ်။

ထားဝယ်၊ မြိတ်၊ ကော့သောင်းတို့လို မြို့ခံတွေဟာ သင်္ကြန်မဏ္ဍပ်တွေဆီ မျက်စောင်းမထိုးရဲသလို နယ်ကျေးရွာတွေမှာလည်း ရေသဘင်အခါကြီး ရေခွက်ပင် မကိုင်ရဲကြပါဘူး။

သင်္ကြန်ကျိန်စာဟာ စည်းချက်မှန်မှန်နဲ့ ခရီးတွင်နေဆဲလို့ဆိုရမယ်။

၂၀၂၃ သင်္ကြန်နားကျ‌တော့ ‌လူငယ်တွေကိုပစ်မှတ်ထားလာတဲ့ အဓမ္မစစ်မှုထမ်းဥပဒေဂရက်။

သင်္ကြန်ကျဖို့ တစ်‌လ‌လောက်အလို မတ်လ ၁၀ ရက်နေ့မှာ တနင်္သာရီတိုင်းထဲ အဓမ္မစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို စစ်ကောင်စီက စပြီးဖွဲ့စည်းခဲ့ပါတယ်။

အဲဒီအဖွဲ့ဖွဲ့ပြီးနောက်ပိုင်း လူငယ်တွေကို သေလမ်းပို့မယ့် စစ်မှုထမ်းအဓမ္မစုဆောင်းတာတွေ တိုင်းထဲမှာစပြီးလှုပ်ရှားလာလို့ လူငယ်တွေ အိမ်းနီးချင်းနိုင်ငံတွေဆီရော၊ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသတွေဆီ အုတ်အော်သောင်းတင်း အသက်လုထွက်ပြေးခဲ့ကြရတာ။

၂၀၂၃ ဟာလည်း သားရှင်မိခင်တွေ မျည်ရည်တစ်ရွှဲရွှဲကျခဲ့ရတဲ့ ကျိန်စာသင့်သင်္ကြန်လို့ပဲ သတ်မှတ်ရမှာပါ။

ဒါပေမဲ့ လူထုရဲ့ သင်္ကြန်အောင့်လုံးဟာ ၂၀၂၄ မှာ ပေါက်ကွဲထွက်လာခဲ့တယ်။ အဲဒီနှစ်လူ့ပြည်ဆင်းဖို့တာဝန်ကျတဲ့ သိကြားမင်းတောင် မျက်စိလည်သွားမလားပဲ။

စစ်ကောင်စီရဲ့ မဏ္ဍပ်တွေမှာ ရှေ့နှစ်တွေကထက် ရေကစားသူတွေတိုးလာသလို၊ ရပ်ကွက်တွေထဲမှာ အစုလိုက်ရေကစားသူတွေလည်း အလျိုလျိုတွေ့လာရတယ်။

ရေမစိုသင်္ကြန် အမေအိုပြန်လို့ ကျွေးကြော်ထားတဲ့ တော်လှန်ရေးနယ်မြေထဲမှာတောင် ထူးထူးခြား ရေကစားကြတဲ့သူတွေ အုံလိုက်ကျင်းလိုက်ပါပဲ။

၂၀၂၄ ဟာ ဒီငါးနှစ်ထဲအစည်ကားဆုံးနှစ်လို့ ကမ္ဗည်းထိုးရမှာပါ။ သင်္ကြန်ကျိန်စာ ပျယ်ပြီလားပေါ့။

အခု ၂၀၂၅ သင်္ကြန်နားလည်းရောက်ခါနီးတော့ စစ်ကိုင်းငလျင်နဲ့ သင်္ကြန်ကျိန်စာဟာ နိုးထလာပြန်ပါတယ်။

မနှစ်ကတောင် အတိုင်းအတာတစ်ခုအထိ သင်္ကြန်မှာစည်ကားခဲ့တာဆိုတော့ ဒီ ၂၀၂၅ သင်္ကြန်ကို လူတွေအတော်လေးအားခဲထားကြလို့ ဝက်ဝက်ကွဲဖြစ်နိုင်ပါတယ်။ ငလျင်သာမလှုပ်ခဲ့ဘူးဆိုရင်ပေါ့။

အခုတော့ ငလျင်က ကြားခံလိုက်တော့ သင်္ကြန်ဟာ ကျရမလိုလို၊ မကျရဘူးလိုလို မမဆောင်းလို ဖြစ်နေပြန်ပါတယ်။

ဧပြီ ၁၂ ရက် ထားဝယ်ကလေးသင်္ကြန်နေ့တုန်းကတော့ ကလေးတွေရေကစားကြတာ မရှိသလောက်ပဲ။ တကယ့်သင်္ကြန်အချိန်ကျရင်တော့ ဘယ်လိုလာလေမလဲ မပြောတတ်။

ပင်ပျိုပိတောက်ပင်အောက်က ဆယ်ကျော်သက်လူပျိုပေါက်လေး တစ်ယောက်ကတော့ ရွေဝါရောင် ပိတောင်ပန်းတွေကိုင်ရင်း

“သင်္ကြန်ကျလို့ ဖမ်းတဲ့ဥပဒေဆိုတာမရှိဘူး။ ငါတို့ကတော့ သင်္ကြန်ကျရင် ရအောင်ရေပက်မှာပဲ” လို့ ကြွေးကြော်နေရှာတယ်။