ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ပြည်သူကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ရာတွင်အကာအကွယ်ယူပြီး ပစ်ခတ်ခဲ့သည့် သစ်ပင်များကို စစ်ကောင်စီတပ်က ဒေသခံများကို ခုတ်ခိုင်းကြောင်းဒေသခံအချို့က ပြောသည်။
ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဧပြီလ ၉ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဝင်ရောက်တိုက်ခိုက်ရာတွင် စခန်းအနီးဝန်းကျင်က သစ်ပင်များကို အကာအကွယ်ယူပြီးတိုက်ခိုက်ခဲ့သည် ဟုဆိုကာ တိုက်ခိုက်ခံရပြီး နောက်တစ်ရက်တွင် သစ်ပင်များကို ခုတ်လှဲခိုင်းကြောင်းပကာရီကျေးရွာသား အမျိုးသားတစ်ဦးက ပြောသည်။
“ရွာသားတွေကို အကျပ်ကိုင်ပြီး ခုတ်ခိုင်းတယ်။ ရဲစခန်းအနီးတဝိုက်မှာရှိတဲ့ သစ်ပင်တွေကို ခုတ်ခိုင်းတယ်။ သူတို့ စခန်းကုန်းနဲ့ ကပ်နေတဲ့ သစ်ပင်တွေပေါ့။ အဲဒီနေ့လာတုန်းက သစ်ပင်တွေနဲ့ ကာပြီးပစ်တဲ့သစ်ပင်တွေကို လှဲခိုင်း တယ်။ ဒီသစ်ပင်တွေရှိလို့ သူတို့နဲ့ နီးနီးလာပြီး ကာပြီးပစ်ရတယ်ဆိုတာမျိုး၊ ဒီသစ်ပင်တွေ မရှိရင် သူတို့ကိုကာပြီး ပစ်မရတော့ဘူးဆိုတာမျိုးပေါ့” ဟု ၎င်းက ပြောဆိုသည်။
သစ်ပင်များ မခုတ်လျှင် ရွာကို တစ်စုံတစ်ရာ လုပ်ဆောင်လာမည်ကို စိုးရိမ်သဖြင့် သစ်ပင်များကို ခုတ်ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
သစ်ပင်များကို ခုတ်ပေးလိုက်ရပြီဟု ပြောဆိုမှုများရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နောက်တစ်ကြိမ် ရွာထဲသို့ ဝင်ရောက်လာပါက ရွာကို မီးရှို့မည်ဟုလည်းခြိမ်းခြောက်ပြောဆိုကြောင်း အထက်ပါဒေသခံက ဆိုသည်။
ပကာရီ ရဲကင်းစခန်းကို ဧပြီလ ၉ ရက်က ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ငါးဦးသေဆုံးကာ ဒဏ်ရာရသူများပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကမူ ရဲဘော်တစ်ဦး ဒဏ်ရာရကြောင်း သံမဏိပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားသည်။
အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၁၅၀၀ ခန့်ရှိသည့် ပကာရီကျေးရွာတွင် စစ်ကောင်စီ၏ ရဲကင်းစခန်းတည်ရှိပြီးယင်းစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိသည်။
ပကာရီကျေးရွာတွင် နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားခြင်းတို့ကြောင့် ဒေသခံအချို့မှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့မှာ ယာယီစစ်ဘေးရှောင်သဘောမျိုးဖြင့် ကျေးရွာ ဘုန်းတော်ကြီးကျောင်း တွင်ပင် နေထိုင်နေကြရကြောင်း ဒေသခံအချို့က ဆိုသည်။