BREAKING
January 18, 2025

လောင်းလုံး စစ်ပြဲရွာက မူးယစ်ဒိုင်ဆိုသူကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ပစ်သတ်

April 12, 2023

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာအုပ်စု ရှေ့ဖက်ကားကျေးရွာမှ အသက် ‌၄၅ နှစ်ဝန်းကျင်အရွယ် လားဂျစ်‌ခေါ် ဦးမျိုးမောင်ဆိုသူကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်သ တ်ခဲ့သည်။

ဦးလားဂျစ်မှာ စစ်ပြေးတစ်ဦးဖြစ်ကာ လက်နက်ကိုင်ဆောင်ထားပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးသူလည်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

“သူ့မှာ သေနတ်လည်းရှိတယ်။ တစ်ခါတစ်လေဆို သူတို့အိမ်ကနေ ‌သေနတ်ပစ်ဖောက်နေတတ်တယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

ဧပြီလ ၁၁ ရက် ညနေပိုင်းအချိန်တွင် ရှေ့ဖက်ကားရွာမှ လယ်ကွင်းများဘက်သွားသည့်လမ်းတွင် နေထိုင်သည့် ဦးလားဂျစ်နေအိမ်သို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ ရောက်လာခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

ဦးလားဂျစ်မှာ အိမ်တွင်ရှိမနေဘဲ လယ်ကွင်းထဲ တိမ်းရှောင်နေသဖြင့် ယင်းနေရာသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က သွားရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“သွားဖမ်းတာမှာ သူပစ်၊ ကိုယ်ပစ် ပစ်ကြသေးတယ်တဲ့။ လားဂျစ်မှာတော့ ခြေထောက်မှာ ရှပ်ထိသွားတယ်လို့ပြောတယ်။ ပြီးမှာသူ့ကိုကြိုးနဲ့တုပ်ပြီး ဆိုင်ကယ်နဲ့ တင်ခေါ်သွားတယ်” ဟု ၎င်းကဆိုသည်။

ဖမ်းခေါ်သွားသည့်ညတွင်ပင် ဦးလားဂျစ်အား ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

၎င်းထံမှ သေနတ်၊ ကျည်ဆန်၊ မူးယစ်ဆေးဝါး၊ ဖုန်းသုံးလုံး၊ ငွေကြေးအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဦးလားဂျစ်ခေါ် ဦးမျိူးမောင်သည် မူးယစ်ဆေးဒိုင်တစ်ဦးဖြစ်ခြင်း၊ စစ်ကောင်စီနှင့် အဆက်အသွယ်ရှိ‌ခြင်း၊ ရွာထဲသေနတ်ပစ်ဖောက်လေ့ရှိခြင်းတို့ ပြုလုပ်နေသူဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးလားဂျစ်ပစ်သတ်ခံရပြီး တစ်ရက်နီးပါးကြာသည်အထိ (ဧပြီ ၁၂ ရက် ညနေ ၄ နာရီအထိ) အလောင်းမှာ မိသားစုဝင်နေအိမ်သို့ ရောက်မလာသေးကြောင်း သေဆုံးသူဦးလားဂျစ်မိသားစုနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

 “သူ့မိန်းမကတော့ အလောင်းပြန်လိုချင်နေတယ်။ ဒါပေမဲ့ သူ့ယောက်ျားက ဘယ်မှာသေသွားတယ်ဆိုတာ မသိဘူးလို့ပြောတယ်။ သူဆိုးတာကဆိုးတာတစ်ပိုင်းပဲ။ သူ့ကိုသားမှတ်မှတ် မယားမှတ်မှတ်ပေါင်းပြီး လုပ်ကြွေးခဲ့တာဆိုတော့ အလောင်းပြန်လိုချင်တယ် အဲ့လိုပြောနေတယ်” ဟု ၎င်းနီးစပ်သူကဆိုသည်။

ဦးလားဂျစ်၏အလောင်းကို စစ်ပြဲကျေးရွာနှင့်ကပ်လျက် လေးသွန်းခံကျေးရွာ ဗိုလ်မှူးဗထူးကြေးရုပ် နောက်ကျောဘက် ဆီအုန်းတောထဲတွင် ယနေ့ညနေပိုင်းကတွေ့ရှိခဲ့ကြောင်း အခြားဒေသခံတစ်ဦးကဆိုသည်။

“အလောင်းကရုပ်ပျက်နေပြီ” ဟု ၎င်းကဆိုသည်။

ယင်းနောက်အရေးပေါ်ကားဖြင့် လောင်းလုံးဆေးရုံ သို့မဟုတ် ထားဝယ်ဆေးရုံဘက်သို့ သယ်ဆောင်သွားသည်ကိုတွေ့ရကြောင်း ဒေသခံအချို့ကပြောသည်။