








ထားဝယ်ခရိုင် သပိတ်ကော်မတီ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုမင်းလွင်ဦးကို ဖမ်းပေးပါက ဆုကြေး ကျပ်သိန်း ၃၀၀ ပေးမည်ဟု စစ်ကောင်စီက ကြေညာသည့်ယနေ့တွင်ပင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က လောင်းလုံးမြို့နယ်တွင် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
လောင်းလုံးမြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွများနှင့် မီးတိုင်များတွင် ဆုငွေထုတ်ထားသည့် စာများကပ်ပြီး စစ်ကောင်စီက ယနေ့နံနက်တွင် ကြေညာချက် ထုတ်ထားခြင်းဖြစ်သော်လည်း နေ့လယ်ပိုင်းတွင် အကြမ်းမဖက် လူထုသပိတ်လှုပ်ရှားမှုကို ယခင်ရက်များကအတိုင်း ချီတက်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
“တရားမျှတမှုအတွက် တိုက်ပွဲဝင်ရုံမှတပါး အခြားမရှိ” စာသားပါ ဘန်နာကိုင်ဆွဲ၍ ချီတက်လှုပ်ရှားခဲ့ကြပြီး ဒေသခံ လူငယ်များနှင့် အမျိုးသမီးများ ပူးပေါင်းပါဝင်ခဲ့ကြသည်။